Dawei Watch သတင်းထောက်နှစ်ဦး ထောင်နှစ်ရှည်ချခံရ

သတင်းထောက် ကိုအောင်ဆန်းဦး (ဝဲ) နှင့် သတင်းထောက် ကိုမျိုးမြင့်ဦး (ယာ) တို့ကို တွေ့ရစဉ်။
သတင်းထောက် ကိုအောင်ဆန်းဦး (ဝဲ) နှင့် သတင်းထောက် ကိုမျိုးမြင့်ဦး (ယာ) တို့ကို တွေ့ရစဉ်။ (Dawei Watch)

တနင်္သာရီတိုင်း အခြေစိုက် ဒေသတွင်းသတင်းတွေကို ရေးသားဖော်ပြနေတဲ့ Dawei Watch မီဒီယာက သတင်းသမားနှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ချလိုက်တယ်လို့ Dawei Watch မီဒီယာရဲ့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက RFA ကို ပြောပါတယ်။

သတင်းထောင်တွေဖြစ်တဲ့ ကိုအောင်ဆန်းဦးကို အခုနှစ်၊ ဖေဖော်ဝါရီလမှာ ထောင်အနှစ် နှစ်ဆယ်နဲ့ ကိုမျိုးမြင့်ဦးကို မေလထဲမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံဖို့ မြိတ်ထောင် စစ်ခုံရုံးက အမိန့်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

တရားရုံးမှာ စစ်ဆေးတာ၊ ဥပဒေနဲ့အညီ ခုခံကာကွယ်ခွင့်မပေးဘဲ သတင်းထောင်နှစ်ဦးကို ဥပဒေမဲ့ ထောင်ချလိုက်တာလို့ Dawei Watch မီဒီယာက သြဂုတ်လ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သူတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲခံရတာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ရတဲ့ အကြောင်းရင်းနဲ့ ပုဒ်မအသေးစိတ်ကိုလည်း မေးမြန်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေဟာ စစ်ကောင်စီက သတင်းသမားတွေအပေါ်မှာ ဥပဒေမရှိ တရားမဲ့ လုပ်ချင်တိုင်း လုပ်နေတာဖြစ်တယ်လို့ Dawei Watch ရဲ့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက သတင်းတွေနဲ့ပတ်သက်လာရင် ဘာတရားဥပဒေမှ မရှိဘူး။ တရားမဲ့လုပ်ချင်တိုင်း လုပ်နေတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြင်ပါတယ်ခင်ဗျ”

ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းအချိန် နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာပါ။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံပါဝင်ပြီး နိုင်ငံပေါင်း ၁၈ဝ ထဲက အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

သြဂုတ် ၂၁ ရက်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ အလွတ်သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ပါတယ်။

RSF စာရင်းအရ စစ်တပ်အာဏာသိမ်းကာလအတွင်း သတင်းသမား ၆၃ ဦးဖမ်းဆီးခံထားရပြီး ငါးဦးက သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။