လက်ပံတောင်း ကြေးနီစီမံကိန်းကထွက်တဲ့ အက်စစ်ငွေ့တွေပျံ့နှံ့မှု သီးနှံပျက်စီးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်ကုမ္ပဏီက လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ အက်စစ်ငွေ့တွေပျံ့လာတာကြောင့် ဆည်တည်းကျေးရွာက စိုက်ပျိုးဧက ၂၀၀ လောက် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြေးနီစီမံကိန်းဘက်ကနေ ဖြန်းလိုက်တဲ့ အက်စစ်ငွေ့တွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကနေစပြီး ပဲစင်းငုံ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်းစိုက်ခင်းတွေ အပါအဝင် နှစ်ရှည်အပင်တွေပါ ငြိုးနွမ်း၊ ပျက်စီးကုန်တာလို့ ဆည်တည်းကျေးရွာက ဒေါ်ရီရီဝင်းက ပြောပါတယ်။

အဲဒီအခြေအနေတွေကို တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ဒေသခံတွေက နိုဝင်ဘာ ၃ ရက်နေ့မှာ အကြောင်းကြားခဲ့တာကြောင့် နိုဝင်ဘာ ၆ ရက်နေ့မှာ လေထုညစ်ညမ်းမှု တိုင်းတာတဲ့စက်တွေနဲ့ လာရောက်တိုင်းတာခဲ့တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ တိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ပါတယ်။ ကုမ္ပဏီကို လျော်ကြေပေးဖို့ တာဝန်ရှိသူတွေက ပြောခဲ့တယ်လို့ သိရပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေအတွက် ထိုက်သင့်တဲ့လျော်ကြေးကို ဒေသခံတွေဘက်က လိုချင်ပေမယ့် အခုချိန်အထိတော့ ကုမ္ပဏီဘက်က လျော်ကြေးပေး၊ မပေးဆိုတာကို မသိရသေးဘူးလို့လည်း ဒေါ်ရီရီဝင်းက ပြောပါတယ်။

ဒေသခံတွေရဲ့ စိုက်ခင်းတွေ ပျက်စီးတာနဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို မေးမြန်းဖို့အတွက် တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို RFA က ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့ထားတာဖြစ်ပါတယ်။