လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဆိုင်းငံ့ထားဖို့ AI အဖွဲ့တောင်းဆို

တရုတ်ဝမ်ဘောင်ကုမ္ပဏီနဲ့ မြန်မာ့စစ်တပ်တို့ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဆိုင်ရာပိုင်းတွေမှာ ကောင်းကောင်းမွန်မွန် ဖြစ်အောင်ဆောင် ရွက်မယ့်အနေအထားမရှိသ၍ ရပ်ဆိုင်းထားဖို့ ဗြိတိန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ Amnesty International က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စအတွက် မြန်မာအစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း AI အဖွဲ့ကအကြံပြု ထားပါတယ်။

ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေ ထောင်ချီပြီး ဘဝတွေခြိမ်းခြောက်ခံနေရသလို၊ အဲဒီဒေသမှာ ရေကြီး မယ်၊ ငလျင်လှုပ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေသုံးစွဲထားလို့ သဘာဝပတ်ဝန်းကျင်ပျက်စီးရမယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒီလိုဆိုးကျိုးတွေ မဖြစ်အောင်ဆောင်ရွက်မယ်လို့ ကုမ္ပဏီတွေဘက်က ကတိတွေပေးထားပေမယ့် စီမံကိန်း နဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒကိုအနည်း ငယ်လောက်ပဲလိုက်လျောတာတွေ့ရပြီး၊ ဒေသခံတွေကလဲ အလျော့မပေးဘဲ ဖိနှိပ်တဲ့ဥပဒေတွေအောက်မှာ ဆက်ပြီးဆန္ဒပြ ကာကွယ်နေကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလို ဧရာမစီးပွါးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အဖက်ဖက်က အောင်မြင်အောင်ဆောင် ရွက်သင့်တယ်လို့ AI အဖွဲ့ရဲ့ လူ့အခွင့်အရေး နဲ့ စီးပွါးရေးဆိုင်ရာသုတေသီ Mark Dummett ကပြောပါတယ်။

အောင်မြင်အောင်ဆောင်ရွက်တဲ့ နေရာမှာ ဒေသခံတွေလူ့အသိုင်းအဝိုင်းရဲ့အရင်းအမြစ်တွေကနေမဖြစ်သင့်ဘူး လို့လည်းသူကဆိုပါတယ်။အဲဒီဒေသမှာ နိုင်ငံတကာလူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့ ကိုက်ညီအောင်ဆောင် ရွက်နိုင်တဲ့ အခြေအနေ မဖြစ်မချင်း ကြေးနီစီမံကိန်းကြောင့် ဒေသ ခံပြည်သူတွေအိုးအိမ်နဲ့ လယ်ယာမြေတွေ ပြောင်းရွှေ့ရတာမဖြစ်အောင် မြန်မာအစိုးရအနေနဲ့ အာမခံလုပ်ကိုင်ပေးဖို့ကိုလည်း AI အဖွဲ့ကတောင်းဆို လိုက်ပါတယ်။