လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ၈ ဦးကို နယ်မြေအေးချမ်းသာယာရေး ပျက်ပြားအောင် လုပ်ဆောင်သူတွေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူတဲ့ ကြေညာချက် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
ရဲစခန်းမှာ လာရောက်စစ်ဆေးခံရေးအတွက် အမှုဖွင့်ခံထားရသူတွေဆီကို ဆင့်ခေါ်စာတွေပို့ဖို့ ပြင်ဆင်နေပြီလို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းက RFA ကို ပြောပါတယ်။
အမှုဖွင့်ခံရတဲ့ သူတွေကတော့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုး၊ ကိုဗထူး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်နဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုသောင်းထိုက်ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသခံတွေအနေနဲ့ သူတို့ဘယ်မှာရှိနေတယ်ဆိုတာ ရဲစခန်းကို အကြောင်းမကြားဘူးဆိုရင် ထောင်ဒဏ် ၆ လ၊ လက်ခံထားသူတွေကို ထောင်ဒဏ် ၅ နှစ်အထိ အရေးယူအပြစ်ပေးနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမှုပေါင်း ၁၈ မှုနဲ့ အမှုဖွင့်အရေးယူခံထားရသူ ကိုသောင်းထိုက်ဦးက မိမိတို့ဟာ လယ်ယာမြေသိမ်းယူခံထားရတဲ့ ဒေသခံတွေကိုကူညီဖို့ လာရောက်ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
ကြေညာချက် စာရွက်တွေကို လူစည်ကားရာနေရာတွေမှာ ရဲတပ်ဖွဲUတွေက ဒီကနေ့ မနက်ပိုင်းက စတင်လိုက်လံဖြန့်ဝေနေကြပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေကို တရားဝင်အကြောင်းမကြားသေးတဲ့အတွက် ရဲစခန်းကို သွားရောက်စစ်ဆေးခံမှာ မဟုတ်ဘူးလို့ ကိုသောင်းထိုက်က ပြောပါတယ်။