အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်သူ ရဟန်းသံဃာတချို့ရဲ့ Facebook လူမှုရေးစာမျက်နှာ အကောင့်များကို Facebook က ပိတ်လိုက်ပေမယ့် အမှန်တရားကို လူအများသိအောင် ဆက်လက်ရေးသားသွားမှာဖြစ်တယ်လို့ အပိတ်ခံရတဲ့ ရဟန်းတွေက မိန့်ကြားလိုက်ပါတယ်။
အပိတ်ခံရတဲ့ Facebook အကောင့်တွေဟာ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး သွေးထိုးရေးသားသူတွေအဖြစ် Facebook က မှတ်တမ်းတင်ထားပါတယ်။ ကုလသမဂ္ဂက အရာရှိတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး Facebook ကတဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်တာဖြစ်တယ်လို့ သုံးသပ်ထားပါ တယ်။
အကောင့်အပိတ်ခံရတဲ့ ဦးသုစိတ္တက Facebook ရဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို ချိုးဖေါက်တာ ဖြစ်တယ်လို့ မိန့်ပါတယ်။ ပြီးခဲ့တဲ့ မေလ လောက်ကထဲက Facebook က အကြိမ်ကြိမ် ဆက်သွယ်ပြီး တင်ထားတာ တချို့ကို ဖြုတ်ခိုင်းတယ်လို့ မိန့်ကြားသူ ဦးပညာဝံသ ကတော့ အမှန်တရားတွေကို Facebook စာမျက်နှာမှာ တခြား အမည်နဲ့ ဆက်ပြီး ရေးသွားမယ်လို့ မိန့်ပါတယ်။
Facebook ကုမ္ပဏီကတော့ မြန်မာဘာသာနဲ့ပတ်သက်ပြီး ကွန်ပြူတာအလိုအလျောက်စက်များဖြင့် စိစစ်မှုတွေ လုပ်နိုင်ဖို့ ပိုပြီး ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောပါတယ်။
