မဲပေးရေးကိစ္စ မဘသ ဝင်မစွက်
2015.06.22

၂၀၁၅ရွေးကောက်ပွဲမှာ မဘသအဖွဲ့အနေနဲ့ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မဲပေးဖို့ ဝေဖန်အကြံပြုတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ညီလာခံက ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဇွန်လ ၂၀ရက်နေ့နဲ့ ၂၂ရက်နေ့တွေက အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦိးကျောင်းမှာ ကျင်းပခဲ့တဲ့ မဘသအဖွဲ့ ညီလာခံရဲ့ သဘောတူညီချက် ၁၂ချက်ပါ ကြေညာချက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း မဘသအဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဒေဝိန္ဒာဘိဝံသက မိန့်ကြားပါတယ်။
"မဘသရဲ့ မူဝါဒ အမျိုးသားရေး၊ အမျိုးသားရေးဝါဒ ဆိုတော့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုရင် ဒါတွေကို ထပ်ပြီးတော့ကန့်ကွက်ဖို့ အစီအစဉ်ရှိတယ်၊ အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်ရေးရာ၊ စီးပွားရေးကိစ္စ တို့ လူမှုရေးကိစ္စတို့ဆိုရင်တော့ အခုလို ပါတီမဲပေးရေးကိစ္စတို့ဆိုရင်တော့ ဘုန်းဘုန်းတို့ မဘသအဖွဲ့ရဲ့ မူဝါဒက ပါတီတစ်ခုခုရဲ့ နာမည်ကိုအသုံးပြုပြီးတော့ ပြောဆိုခွင့်၊ တကယ်လို့ တစ်စုံတယောက်က ပြောခဲ့ရင်လည်း သူ့ရဲ့ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်တယ်၊ မဘသ အဖွဲ့ရဲ့ မူဝါဒမှာ လုံးဝ ဒါမျိုးနဲ့ပတ်သက်ပြီးတော့ ဝင်ရောက်ပြောမှာ မဟုတ်ဘူး"
မဘသ အဖွဲ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ပြီးစီးသွားဖို့ဆန္ဒရှိကြောင်း ဒါပေမဲ့ ပြည်သူတွေ ခေါင်းဆောင် အရွေးမှားမှာကိုတော့ မလိုလားကြောင်း၊ ဒါကြောင့် မဘသ အဖွဲ့အနေနဲ့ ပါတီအားလုံးနဲ့သက်ဆိုင်တဲ့ အခြေခံမူဝါဒတွေကို ဓမ္မဓိဌာန်ကျကျ အကြံပြုမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။
ဒါ့အပြင် အင်တာနက်စာမျက်နှာတွေမှာ အမျိုးသားရေးနဲ့ ဘာသာယဉ်ကျေးမှုကို ထိခိုက်စေတဲ့ မဖွယ်မရာ ညစ်ညမ်းစာတွေ၊ ရုပ်ပုံတွေ အသုံးပြုပြီး သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို စော်ကားတာမျိုးတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
မဘသ အဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးဒေဝိန္ဒာဘိဝံသကို ဦးတင်အောင် ဆယ်သွယ်လျှောက် ထား မေးမြန်းခဲ့ပါတယ်။