မတ္တရာက ရွာတချို့ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ထိန်းချုပ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်အခြမ်းက ရွာသစ်၊ ဝန်စုနဲ့ ထိန်ပင်စောက်ရွာတွေကို ပြန်ထိန်းချုပ်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) က ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ အဲဒီရွာတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မတ္တရာမြို့နယ် အရှေ့ဘက်အခြမ်းမှာလည်း ဒီရက်ပိုင်းတိုက်ပွဲဖြစ်ပြီး မြို့ကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ပြောထားပါတယ်။

ဒီဇင်ဘာလ ၈ ရက် မနေ့က မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ပိုဝ (မြောက်) ရွာ နဲ့ ဆင်ကုန်းရွာကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

တစ်နေကုန်နီးပါး မီးရှို့ခဲ့တာဖြစ်ပြီး မီးလောင်ဆုံးရှုံးတဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ပိုဝ (မြောက်) ရွာနဲ့ ဆင်ကုန်းရွာ ရှို့တာ။ မနေ့က တောင်ပေါ်လာတက်ကြည့်တာ ပိုဝ (မြောက်) ရွာ နဲ့ ဆင်ကုန်းရွာရှို့တာ။ မနေ့ကတော့ တစ်နေကုန် ရှို့နေတာပဲ။ ညနေခင်းအထိလည်း ရှို့တုန်းရှိသေး"

ပိုဝ (မြောက်) ရွာနဲ့ ဆင်ကုန်းရွာတွေဟာ နေအိမ် ၃၀၀ ကျော်ခန့်ရှိကြပြီး အဲဒီရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာ နှစ်ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားပြီး ရွာတွေမှာ နေရာယူတပ်စွဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မတ္တရာမြို့နယ်က စစ်ရေးအခြေအနေကိုစောင့်ကြည့် သတင်းဖော်ပြနေတဲ့ Wetlet Informational Network အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ပိုဝ (မြောက်) နဲ့ ဆင်ကုန်းကို ခုနစ်နေရာလောက် ခွဲရှို့တာ။ ဒီကနေ အမြင်အရကို နှစ်ရွာလုံးနီးပါးတော့ တော်တော်များတယ်။ ဒီရွာတွေက အရင်ကလည်း ခဏခဏ မီးရှို့ခံရတာ။ အခုဆိုရင် အနောက်ခြမ်း တစ်ခြမ်းလုံး စကစက စစ်ကြောင်းထိုးတာ။ အရင်ကတော့ တစ်ရွာဝင်လိုက် တစ်ရွာထွက်လိုက် လုပ်တာ။ ခုက တစ်ရွာဝင်ပြီးရင် အဲ့ရွာမှာ အထိုင်ထပ်ချတယ်။ လက်နက်ကြီးနဲ့လည်း လှမ်းလှမ်းထုတယ်။ မတ္တရာမြို့နယ် အနောက်ခြမ်း ပြည်သူတွေက အကုန်လုံး ထွက်ပြေးနေရတာ"

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မတ္တရာမြို့နယ်ထဲက MDY-PDF ထိန်းချုပ်ရာ ဝန်စုနဲ့ ရွာသစ်ရွာ အပါအဝင် ရွာပေါင်း ၁၅ ရွာခန့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတွေကို စီးနင်းမီးရှို့တာကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။