မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုရှိနေ

RFA Burmese
2024.11.05
မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုရှိနေ မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။
ရောင်နီနွေဦး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ နေ့စဥ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေသလို အရပ်သား သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။

အောက်တိုဘာ ဒုတိယပတ်နောက်ပိုင်းကစပြီး မြို့အရှေ့ဘက်နဲ့ အနောက်ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းကို အလွန်အကျွံသုံးပြီး တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့စဥ် ထိတွေ့မှုတွေက မတ္တရာအရှေ့ခြမ်းဘက်ရော၊ အနောက်ခြမ်းဘက်ရော ဖြစ်နေတာပေါ့။ စစ်ကြောင်းကလည်း နှစ်ကြောင်းခွဲပြီး ထိုးလာတဲ့အနေထားမျိုးတွေ ရှိတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေကို စာရင်းကောက်ယူနေတာတော့ ရှိတယ်။ အတိအကျတော့ လတ်တလော မသိရသေးဘူး”

စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ နေ့စဥ်နီးပါး ပစ်ခတ်နေပြီး အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၃ ရက်နေ့အတွင်း မြို့အနောက်ဘက် ကိုးပင်၊ အောက်ကင်း၊ အလည်ရွာတွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

မတ္တရာမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ထားတာကြောင့် အရပ်သား သေဆုံးစာရင်းကို ကာကွယ်ရေးတပ်တွေက ဆက်လက်အတည်ပြုနေပြီး သေဆုံးမှုအရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ်က တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ အယ်ဖာ (Alpha) ဘိလပ်မြေစက်ရုံနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သုံးဆယ်ခန့်ကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

အဲဒီတပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်က အောက်တိုဘာ ဒုတိယပတ်နောက်ပိုင်းကစပြီး မြေပြင်နဲ့ ဝေဟင် ပူးပေါင်းပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။