မတ္တရာမြို့နယ် စကျင်ရွာမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.12.13
မတ္တရာမြို့နယ် စကျင်ရွာမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ရွာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ရွာခံလေးဦး သေဆုံးပြီး နောက်ထပ်ရှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ ပြောပါတယ်။

မတ္တရာမြို့ပေါ်နဲ့ မြို့အနီးတစ်ဝိုက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ရွာတွေဘက်ကို နေ့စဥ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေချိန် ဒီဇင်ဘာ ၈ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ပိုင်းက သရက်ချိုရပ်ကွက်ထဲက သုံးယောက် သေတယ်။ ၈ ရက်နေ့က ကိုယ့်အသိတစ်ယောက် သေတယ်။ သူက မြောက်ပိုင်းထဲက။ ဖြစ်တဲ့ရက်က သိပ်မကွာဘူး။ စသေတဲ့ရက်ကတည်းက ရှောင်ကြတာ။ အခုဆို ရွာမှာကတော့ လူမရှိတော့ဘူး။ တစ်ရွာလုံးဆိုတော့ လူဦးရေ တစ်သောင်းလောက်တော့ ရှိတယ်”

သေဆုံးသူတွေက အသက် ၁၂ နှစ်အရွယ် မယွန်းသီရိကျော်၊ ၃၄ နှစ်အရွယ် ကိုဇေယျာမောင်၊ အသက် ၃၀ အရွယ် မအေးအေးစန်းနဲ့ အသက် ၄၁ နှစ်အရွယ် ကိုအောင်သူဌေးတို့ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ရှစ်ဦးလည်း ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ စကျင်ရွာဟာ ဗုဒ္ဓရုပ်ပွားတော်တွေ ထုလုပ်တဲ့ စကျင်ကျောက် ထွက်ရှိတဲ့ဒေသဖြစ်ပြီး မတ္တရာမြို့နဲ့ ခြောက်မိုင်ခန့် ကွာဝေးပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနေ့ကလည်း မတ္တရာမြို့နယ်အနောက်ဘက်အခြမ်းမှာရှိတဲ့ ဥဒိန်၊ ဆင်ကုန်း၊ မြွေကတိုးဆိပ်ရွာတွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေပြီး မီးရှို့ဖျက်ဆီးခံထားရတဲ့ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

သြဂုတ် ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ လေးလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၉ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။