မကွေးက ကာရာအိုကေဆိုင် မီးလောင်မှု ၁၅ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ မြင်သာရပ်ကွက် သစ္စာလမ်းနဲ့ ၂၉ လမ်းထောင့်မှာရှိတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ အဆင့်မြင့်အအေးခန်း စားသောက်ဆိုင်မှာ မနေ့ညက မီးလောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ဝန်ထမ်းတွေ အပါအဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ကာရာအိုကေဆိုင်ရှင်ကို မီးပေါ့ဆမှု၊ လူသေမှုတွေနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ မကွေးတိုင်း မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က ပြောပါတယ်။

"ပေါ့ဆတဲ့သူက အိမ်ပိုင်ရှင်မဟုတ်ပါဘူး ခင်ဗျ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးရဲညွန့်ပေါ့ လေ၊ သူ့ကို ပုဒ်မ ၂၈၅ မီးပေါ့ဆမှုပေါ့၊ လူသေသွားတဲ့အတွက်ကြောင့် ပုဒ်မ ၃၀၄-က လူသေမှုနဲ့ အမှုဖွင့်ပြီးတော့ မြို့မရဲစခန်းက ဆောင်ရွက်နေပါတယ်ခင်ဗျ"

မနေ့ည ၁၀ နာရီလောက်မှာ မီးစတင်လောင်တာဖြစ်ပြီး နာရီဝက်ကြာခဲ့တယ်လို့ မကွေးတိုင်း အစိုးရအဖွဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

"မနေ့ညက ၁၀ နာရီလောက်မှာ လောင်တာ၊ မကွေးမြို့ကနေပြီး မီးသတ်ယာဉ် ၇ စီးရှိမယ်၊ ရေသယ်ယာဉ် ၂ စီးရှိမယ်၊ အုပ်ချုပ်မှုယာဉ် ၁ စီးရှိမယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ ၆၀ နီးပါးလောက် ဝိုင်းငြိမ်းတယ်၊ အရံမီးသတ်တပ်ဖွဲ့ကလည်း ၅၀ နီးပါးလောက် ဝိုင်းငြိမ်းကြတဲ့အပြင် အဓိကကတော့ မကွေးမြို့သူ/ မြို့သား တွေကလည်း အင်နဲ့အားနဲ့ကို လာပြီးဝိုင်ငြိမ်းကြတယ်၊ ၁၀ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်"

မီးခလုတ်ခုံက အပူလွန်ကဲပြီး ကာရာအိုကေခန်းအတွင်း အသုံးပြုထားတဲ့ ရေမြုပ်တွေအောက်မှာ သွယ်ထားတဲ့ ဝါယာတွေကနေ မီးစလောင်တာဖြစ်ပါတယ်။

အဲဒီရေမြုပ်တွေကို မီးစွဲလောင်ရင် အဆိပ်ငွေ့တွေ ထွက်လာတတ်ပြီး အဲဒီအငွေ့တွေကို ရှူမိတဲ့အခါ မူးဝေကာ မလုှုပ်ရှားနိုင်တော့ဘူးလို့လည်း ဦးအောင်ဝင်းစိန် က ပြောပါတယ်။

မီးလောင်ကျွမ်းချိန်ဟာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပေမယ့် ထွက်ပေါက် လှေကားတစ်ခုပဲရှိတာကြောင့် ပိတ်မိကာ ထွက်လို့မရတော့တဲ့ အတွက် သေဆုံးခဲ့ကြရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မီးလောင်ဆုံးရှုံးမှုတန်ဖိုးဟာ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၆ သိန်း ၂ သောင်း ရှိပြီး အပေါ်ထပ် တစ်ထပ်သာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။