ဂန့်ဂေါမြို့နယ် ကျောက်ပြုတ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး
2021.09.15
စက်တင်ဘာ ၁၅ ရက် မနေ့က ဂန့်ဂေါမြို့နယ်ရှိ ဒေသခံ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF က နယ်မြေရှင်းလင်းရေးအတွက် ကျောက်ပြတ်ကျေးရွာကို ဝင်ရောက်သွားခဲ့ရာမှာ ရွာအတွင်း စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တွေ့ရှိတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ YDF ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျိုးဖြူက သူတို့အဖွဲ့ ရွာအတွင်း ဝင်ရောက်သွားချိန်မှာ စစ်ကောင်စီတပ်သားတွေဟာ သူတို့ကို ရုတ်တရက် ဒေသခံပျူစောထီး တပ်ဖွဲ့ဝင်တွေလို့ ထင်မှတ်နေခဲ့ကြတယ်လို့ ပြောပါတယ်။
“ကျတော်တို့က သူတို့ကို အိမ်ထဲမှာတွေ့တဲ့အခါ အရပ်သားတွေလားလို့ မေးတဲ့အခါကျတော့ သူတို့ကြောင်နေတယ် ရုတ်တရက်၊ မေးနေတယ်လေ၊ အရပ်သားတွေလားလို့ ထပ်မေးတဲ့အခါကျတော့ သူတို့က မဟုတ်ဘူး တပ်မ ၁ဝ၂ လို့ပြောတာ။ အဲလို တပ်မ ၁ဝ၂လို့ပြောတဲ့အချိန်ကျမှ ကျနော်တို့က စပစ်တော့တာပဲ။ အနီးကပ်ပစ်တာ၊ သူတို့နဲ့ ကျတော်တို့ အဝေးဆုံးက အတောင် ၂ဝ လောက်ပဲ ရှိတယ်။ အဲဒီ ရွာကအရပ်သား ပျူစောထီးတွေကို သူတို့က ခေါ်သုံးနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ကို ပျူစောထီးတွေပဲ ထင်ပြီး သူတို့ကြောင်နေတဲ့အချိန်မှာ ကျနော်တို့က အလစ်အငိုက် တိုက်ခိုက်လို့ ရသွားတာပေါ့။ အရပ်သား ပုံစံချည်း ရွာထဲမှာနေတော့ သူတို့ပိုပြီး မှားသွားတာပေါ့။”
သူတို့အဖွဲ့က လက်ဦးမှုယူပစ်ခတ်ပြီး အလျင်အမြန် ဆုတ်ခွာခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးလောက် သေဆုံးကျန်ရစ်တယ်လို့ ယူဆကြောင်းနဲ့သူတို့ ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း သူကပြောပါတယ်။
ကိုဂျိုးဖြူတို့ YDF အဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချပြီး ထွက်ခွာသွားတဲ့ ကျေးရွာတွေမှာ မိုင်းထောင်ထားခဲ့တာတွေရှိရင်ရှင်းလင်းပေးနေသလို သတ်ဖြတ်ခံရလို့ သေဆုံးကျန်ရစ်တဲ့ အလောင်းတွေ ရှိရင်လည်း သဂြိုဟ်ပေးနေတယ်လို့ ဆိုပါတယ်။
“အခုဆိုရင် သူတို့လုပ်တဲ့လုပ်ထုံးက ဘာထပ်တိုးလာသလဲဆိုတော့ ရွာထဲမှာမိုင်းတွေ ထောင်ခဲ့တာရှိတယ်။ ဂန့်ဂေါနယ် မင်းရွာဆိုရင် မြစ်အစပ်တွေအထိ မိုင်းတွေထောင်လို့ ကျွဲနွားတွေပါ ထိခိုက်တာတွေ ရှိလာတယ်။ ရွာသားတွေဆိုတော့ ကြောက်တယ်လေ။ ကြောက်တော့ မပြန်ရဲဘူး ကျနော်တို့ အလောင်းတွေ ကောက်ရတယ်။ ကျကျနန သင်္ဂြိုလ်ပေးရတယ်။ ပြီးတော့ စိတ်ချရပြီဆိုမှ ပြည်သူတွေ လာကြတော့ လာလို့ရပြီလို့ ပြောရတယ်။ ကျနော်တို့ အဲဒါတွေလုပ်ရတယ် လောလောဆယ်”
တဆက်တည်းမှာပဲ ကျေးရွာသားတွေအနေနဲ့ ပျူစောထီးတွေနဲ့ အနီးကပ်နေထိုင်ခြင်း မပြုကြဖို့လည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ကိုယ့်ရွာ ကိုယ့်အိမ်ကို မပြန်ဖို့ရယ်၊ နောက်တခုက စစ်ကောင်စီ တပ်စွဲတဲ့ရွာတွေဆိုရင် တပ်တွေ ပြန်ပြီးပြီဆိုရင်လည်း ရုတ်တရက် ရွာထဲ မဝင်ဖို့ရယ် သတိပေးချင်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ရှင်းလင်းရေးလုပ်တဲ့အခါ အခုအတွေ့အကြုံတွေအရ ဒီ ပျူစောထီးတွေ ရှိတယ်။ သူတို့အရပ်ဝတ်တွေ ဝတ်တဲ့အခါကျတော့ ပြည်သူမှန်းမသိ ပျူစောထီးမှန်းမသိ ကျတော်တို့ရှင်းလင်းရေးလုပ်တာ ခက်တဲ့အခါကျတော့ နောက်ပိုင်းကျရင် ကိုယ့်ပြည်သူတွေကို ပျူစောထီးထင်ပြီး ပစ်တာခတ်တာမျိုးတွေ ဖြစ်နိုင်တယ်။အဲဒီ့အတွက် လုံးဝ စိတ်ချရပြီ၊ ယုံကြည်ရပြီ ကျတော်တို့တွေ လုံးဝဆက်သွယ်ပေးပြီဆိုတဲ့ အချိန်မျိုးမှ လာစေချင်တယ်”
ဒီအတောအတွင်း စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ မြင်သားကျေးရွာကရွာသားအများအပြားဟာ အခုအချိန်ထိ ရွာကို မပြန်ရဲတဲ့အတွက် အနီးဝန်းကျင်က တောတွေထဲမှာ ပုန်းအောင်းနေကြတယ်လို့ သိရပါတယ်။ အသက်ဆုံးပါးခဲ့ရတဲ့ လူငယ်တွေထဲက အသက် ၁၇ နှစ်ရှိ မောင်နိုင်မျိုးထွန်း ရဲ့ မိခင်ဒေါ်မြင့်မြင့်သိန်းက သူမရဲ့ သားဟာ ၁ဝ တန်းကျောင်းသားဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေကို အင်မတန် စိတ်ဝင်စားသူဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“သူတို့ပစ်သတ်လည်း သေပါစေဆိုပြီး သားကို နောက်ဆုံးအနေနဲ့ သွားတွေ့တယ်၊ေ တွ့ခဲ့ရတယ် သားအလောင်းကို။ ဝမ်းနည်းကြေကွဲရတယ်ပေါ့ သားတစ္ယောက်တည်း ရှိတာဆိုတော့။ ကျောင်းစာလည်း ကြိုးစားတယ် ဆရာ ဆရာမတွေက တအားချစ်ကြတယ်။ ဘုန်းကြီးကျောင်းတွေ သွားရင်လည်း ဘုန်းကြီးတွေက သူ့ကို တအားချစ်ကြတယ်။ သူက ပရဟိတ စိတ်ဓာတ်နဲ့ တအားကူညီတာ။ ကျောင်းတွေမှာ အမှိုက်တွေရှုပ်လို့ ပွနေတယ်ဆိုရင် သူ့ရဲ့ အဖော်တွေ အကုန်လုံးခေါ်ပြီး ကျောင်းကို သန့်ရှင်းရေးသွားလုပ်တယ်။ ဘုန်းကြီးကျောင်းမှာလည်း ဒီလိုပဲ။ ဘုန်းကြီးကျောင်းမှာ သပ်သပ်ရပ်ရပ် ဖြစ်အောင် အမှိုက်တွေ ရှင်းအောင် အဖော်တွေ အကုန်လုံးကိုခေါ်ပြီး သူက တတန်းလုံးကို ဆွဲဆောင်နိုင်တဲ့ အားရှိတယ်။ ကျမကတော့ ဝမ်းနည်း ကြေကွဲရတာပါပဲရှင်”
အဲဒီနေ့က အလားတူ အသက်ဆုံးပါးခဲ့ရတဲ့ အသက် ၁၈ နှစ်ရှိ မောင်ထက်နိုင်ဦးဟာလည်း အဲဒီ အထကခွဲမြင်သားက ၁ဝ တန်းကျောင်းသားဖြစ်ပါတယ်။ သူ့ မိခင် ဒေါ်ညိုညိုလွင် က အခုထိ ရွာကိုပြန်ရမှာ ကြောက်ရွံ့နေပြီး သားဖြစ်သူကို အချိန်ပြည့် သတိရတယ်လို့ ပြောပါတယ်။
“ကျမကတော့ သားလေး တယောက်တည်းရှိတာ။ သားတယောက် သမီးတယောက်ရှိတာ။ သမီးကလည်း ဆယ်တန်း၊ သားကလည်း ဆယ်တန်း။ နှမြောလည်း နှမြောတယ် ဝမ်းလည်းနည်းတယ်။ ဒါပေမဲ့ ဂုဏ်လည်းယူတယ်။ ရွာအတွက် ကာကွယ်ပေးတဲ့အတွက် ဂုဏ်ယူတယ်”
အဲဒီမြင်သားရွာသား အများအပြားဟာ နှမ်းခင်း၊ ပဲခင်းစိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့တောင်သူတွေပါ။ အခုဆိုရင် သူတို့နှမ်းခင်းတွေကို အစေ့ချွေဖို့ အချိန်ဖြစ်ပေမဲ့ ရွာကို မပြန်ရဲသလို နှမ်းခင်းတွေကိုလည်း မသွားရဲဘဲ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံလာရောက်နှိပ်စက်ဖျက်ဆီးမယ့် အန္တရာယ်ကို ကြောက်ရွံ့နေကြရတယ်လို့ RFA ကိုပြောပါတယ်။ အဲဒီရွာက အိမ်ခြေ ၂ဝလောက်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သလို ပစ္စည်းတွေကိုလည်း ဖျက်ဆီး ယူဆောင်သွားတယ်လို့ ဆိုပါတယ်။