မဟန ထုတ်ပြန်ချက်ကို မလိုက် နာရင် အရေးယူခံရမှာဖြစ်ကြောင်း ဦးဝီရသူ ကို အသိပေး

ဆရာတော် ဦးဝီရသူဟာ နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့က တစ်နှစ်တရားဟောခွင့်ပိတ်ထားတဲ့ ထုတ်ပြန်ချက်ကို ရှေ့ဆက်မလိုက်နာဘူး ဆိုရင် တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း မန္တလေးတိုင်း သံဃာမဟာနာယကအဖွဲ့က ဦးဝီရသူကို မနေ့က ခေါ်ယူပြီး အသိပေးလိုက်ပါတယ်။

တိုင်းသံဃာမဟာနာယကအဖွဲ့၊ မြို့နယ်သံဃာမဟာနာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာန တာဝန်ရှိသူတွေ စုံညီရှေ့မှာ ဆရာတော်ဦးဝီရသူကိုခေါ်ယူပြီး အသိပေးလိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံဃာမဟာနာယကအဖွဲ့ အတွင်းရေးမှူး မြတောင်ကျောင်းတိုက်က ဆရာတော် ဦးရာဇိန္န က မိန့်ကြားပါတယ်။

"ဆရာတော်က အသိပေးဖို့ရာ သွားသွားပြီးတော့ ပင့်ခိုင်းတယ်၊ ခရီးထွက်နေတယ် ဒီလိုချည်းပဲ ကြုံ နေတာကိုး၊ တိုင်းဥက္ကဌကလည်း ကျောက်ဆည်မှာ ကိစ္စရှိလို့သွားတဲ့အခါမှာ သူနဲ့တောက်လျှောက်တွေ့တယ်၊ ဒီညွှန်ကြား လွှာလေး အသိပေးဖို့ရာခေါ်လာခဲ့တာ၊ နောက်ထပ် အဲသလိုမျိုးတရားပွဲတွေလုပ်လို့ရှိရင် တရားဥပဒေအရ အရေးယူမယ်ဆိုတဲ့အပိုဒ်လည်းပါတယ်၊ အဲဒါသူသိအောင်လို့ပဲ လုပ်လိုက်တယ်၊ ပြီးခဲ့တဲ့ဟောပြီးခဲ့တာတွေတော့ ဘာမှအရေးယူမှုမရှိဘူးပေါ့၊ သူသိရဲ့သားနဲ့ နောက်ထပ် ဆက်လုပ်နေမယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူမယ်ပေါ့"

နိုင်ငံတော်သံဃာမဟာနာယကအဖွ့ဲရဲ့ ညွှန်ကြားချက်ကို ဦးဝီရသူအနေနဲ့ မသိသေးတာကြောင့် နောက်ထပ် တရားပွဲတွေ ဆက်လက်ကျင်းပနေတဲ့အတွက် ကိုယ်တိုင်သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး အသိပေးခဲ့ရတယ်လို့ ဦးရာဇိန္နာဘိဝံသက မိန့်ကြားပါတယ်။

ဆရာတော်ဦးဝီရသူဟာ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က သူ့ကိုတရားဟောခွင့်ပိတ်ထားတဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့တွေမှာ ပါးစပ်ကိုတိပ်နဲ့ကပ်ပြီး တရားပွဲတွေ ကျင်းပခဲ့ပါတယ်။