စစ်ကောင်စီနဲ့ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု
2023.07.26
မြန်မာ အာဏာသိမ်းစစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား အလွတ်သဘောဆွေးနွေးခွင့် လမ်းကြောင်းဖွင့်ထားပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောလိုက်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ အဲဒီလိုဆက်ဆံတဲ့အခါ လူ့အခွင့်အရေးကိစ္စရပ်တွေကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ ဝန်ကြီးချုပ်အန်နဝါတို့ ကွာလာလာမ်ပူမြို့မှာ ဒီကနေ့တွေ့ဆုံချိန်အတွင်း မြန်မာ့အရေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်အန်နဝါက… "မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပိုခိုင်မာလာအောင် လုပ်နေချိန်မှာ ကျနော်တို့ အလျှော့အတင်း နည်းနည်းရှိဖို့လည်း လိုပါတယ်။ အိမ်နီးချင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက လူနည်းစုတွေအရေး၊ အထူးသဖြင့် ရိုဟင်ဂျာအရေးစတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ချန်လှပ်မထားဘဲ (မြန်မာစစ်ကောင်စီနဲ့) အလွတ်သဘော ဆွေးနွေးခွင့်ရဖို့ လိုပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဖိလစ်ပိုင် သမ္မတဖာဒီနန်မားကို့စ် ဂျူနီယာဘက်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုတာမရှိပါဘူး။
မလေးရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာစစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မလေးရှားက စစ်ကောင်စီနဲ့ဆက်ဆံဖို့ အခုလို လေသံပြောင်းပြီး ပြောဆိုလာတဲ့အပေါ် အာဆီယံအဖွဲ့ရဲ့ သဘောထားကို မသိရသေးပါဘူး။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအကြား သဘောထားညီညွတ်ကြဖို့ တိုက်တွန်းနေပါတယ်။
အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားပေမဲ့ ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့လမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ အလွတ်သဘောတွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။