မလေးရှားမှာ အဖမ်းခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ နှိပ်စက်ခံနေရ

RFA Burmese
2024.03.06
မလေးရှားမှာ အဖမ်းခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ နှိပ်စက်ခံနေရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။
Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မလေးရှားအစိုးရဟာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကနေ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည် ၁၂,၀၀၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ကလေးသူငယ် ၁,၄၀၀ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အကူအညီပေးနေသူတွေရဲ့ ပြောပြချက်အရ မလေးရှားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ ဒီနေ့အထိ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံထားရတယ်လို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးထားတာက ဖမ်းဆီးခံထားရသူတွေကို ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့်ခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နိုင်တဲ့ အခြေအနေဖြစ်စေတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံတစ်ဝန်းက ထိန်းသိမ်းရေးစင်တာ အခုနှစ်ဆယ်မှာ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ နှိပ်စက်ညှဉ်းပန်းခံရမှုအကြောင်းကို HRW က စာမျက်နှာခြောက်ဆယ်ပါ အစီရင်ခံစာနဲ့ ဖော်ပြထားတာပါ။

အခုလို ဖမ်းဆီးခံရသူတွေဟာ လူပြည့်ကျပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အခြေအနေမှာ လချီနှစ်ချီ ထိန်းသိမ်းခံရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုမရှိဘဲ အစောင့်တွေရဲ့ နှောင့်ယှက်မှု၊ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အထောက်အထားမရှိသူတွေကို အရင်နှစ်တွေကထက် ဖမ်းဆီးတာတွေ ပိုများနေတယ်လို့ အကူညီပေးနေသူတွေ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။