မြန်မာငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကိုကယ်တင်ဖို့ မလေးရှားကြိုးစား

RFA Burmese
2023.09.25
မြန်မာငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကိုကယ်တင်ဖို့ မလေးရှားကြိုးစား မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့စဉ်။
Weibo

မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ အွန်လိုင်းကနေ လိမ်လည်လှည့်ဖြားတဲ့ အလုပ်တွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းခံနေရတဲ့ မလေးရှားနိုင်ငံသား ရှစ်ဦးကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံသား ရှစ်ဦးကို ကယ်တင်နိုင်ဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေးအဖွဲ့ (Atipsom)၊ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့ အာဆီယံ အမျိုးသားရဲတပ်ဖွဲ့ (Aseanpol) တွေကို အကူအညီတောင်းထားကြောင်း မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ရဲမင်းကြီး Datuk Mohd Azman Ahmad Sapri က စက်တင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြောင်း မလေးရှားအခြေစိုက် The Malaysian Reserve သတင်းဌာနက ရေးပါတယ်။

ဒုက္ခရောက်နေသူတွေကို အမြန်ဆုံးကယ်တင်နိုင်ဖို့နဲ့ နေရပ်ပြန်ပို့နိုင်ရေး ကူညီပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကောင်စစ်ဝန်တွေကို အကူအညီတောင်းထားကြောင်းလည်း ရဲမင်းကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ ဗဟိုအစည်းအဝေးမှာ လူကုန်ကူးမှုနဲ့ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အပါအဝင် တရုတ်နဲ့ ထိုင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ကောင်စီက ပြောထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ဒုက္ခရောက်နေတဲ့ မလေးရှားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်ရင် တစ်လကို အမေရိကန်ဒေါ်လာ ခြောက်ရာ့ငါးဆယ်လောက်ကနေ ဒေါ်လာ တစ်ထောင့်သုံးရာလောက်အထိ ရမယ်ဆိုပြီး ဖေ့ဘွတ်စ်ကနေ အလုပ်ခေါ်တာကို သွားရောက်အလုပ်လုပ်ကြတာပါ။

ထိုင်းနိုင်ငံရောက်တဲ့အခါ အလုပ်မရဘဲ မြန်မာနိုင်ငံထဲကို အပို့ခံရပြီး ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအဓမ္မအလုပ်ခိုင်းခံရတာလို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီမလေးရှားနိုင်ငံသား ရှစ်ဦးဟာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ကြားမှာရှိတဲ့ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်လည်တဲ့အလုပ်လုပ်နေရတဲ့ မလေးရှားနိုင်ငံသားတွေကို မိသားစုနဲ့ အဆက်အသွယ်ပေးမလုပ်တဲ့အပြင် သတ်မှတ်ထားတဲ့ လိမ်လည်တဲ့အရေအတွက် မပြည့်ရင် တခြားအေးဂျင့်တွေဆီကို ထပ်မံရောင်းချမယ်လို့ အလုပ်ရှင်က ခြိမ်းခြောက်ထားကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကိစ္စကို မလေးရှားနိုင်ငံမှာ ၂၀၀၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။