မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာ့အရေး ဆွေးနွေး
2024.12.27

ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးကြိုးပမ်းရေးနဲ့ မြန်မာ့ပြဿနာ ဖြေရှင်းရေး အပါအဝင် ဒေသတွင်း အရေးကိစ္စတွေ ဆွေးနွေးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ Malaymail က ဒီဇင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
အခုလ ၂၆ ရက်နေ့က တွေ့ဆုံတာဖြစ်ပြီး အာဆီယံ-အရှေ့တောင်အာရှ နိုင်ငံများအသင်း အလှည့်ကျဥက္ကဋ္ဌရဲ့ အလွတ်သဘော အကြံပေး သက်ဆင်ရဲ့ အခန်းကဏ္ဍ အပါအဝင် အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီအရေးကိစ္စတွေကို မလေးရှားနဲ့ အာဆီယံက ဖြေရှင်းဖို့ ဒေသတွင်း သက်ဆင်ရဲ့ ဆက်သွယ်ရေးကွန်ရက် ရှိတာနဲ့ သူ့အတွေ့အကြုံတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်လို့ မလေးရှား ဝန်ကြီးချုပ်က သူ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားပါတယ်။
သက်ဆင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ချိန်က စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးအရ နီးစပ်တဲ့သူဖြစ်တဲ့အတွက် မလေးရှား ဝန်ကြီးချုပ်က သူ့ကို အကြံပေးအဖြစ် ခန့်အပ်တာကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။