မလေးရှား ဗီဇာကြေး ဆယ်ဆတိုးလို့ လုပ်သားစေ လွှတ်မှု မြန်မာရပ်ဆိုင်း

မလေးရှားနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာကြေးကို ဆယ်ဆတိုးမြှင့်လိုက်တဲ့အတွက် မြန်မာနိုင်ငံက အလုပ်အကိုင်အကျိုးဆောင် ကုမ္ပဏီတွေက မလေးရှားကို အလုပ်သမားတွေ စေလွှတ်မှု ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

မလေးရှားအစိုးရက ပြည်ဝင်ခွင့်ဗီဇာကြေးကို ဇန်နဝါရီလ ၁၈ ရက်နေ့က စပြီး အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ကနေ ၅၇ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ် လိုက်တာပါ။

အဲဒီလို တိုးမြှင့်လိုက်တာကို ကန့်ကွက် သပိတ်မှောက်တဲ့အနေနဲ့ မြန်မာ အလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီတွေက အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်။

မလေးရှား ရဲ့ ဗီဇာကြေးတိုးမြှင့်လိုက်တဲ့ စနစ်သစ်အရ မြန်မာအလုပ်သမား တစ်ယောက် အတွက် ဗီဇာကြေး ၆ ဒေါ်လာအပြင်၊ လုပ်ငန်းကြေး ၂၆ ဒေါ်လာ နဲ့ ဝန်ဆောင်ကြေး ၂၅ ဒေါ်လာ ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အတွင်းရေးမှူး ဦးဝင်းထွန်းက ဒီနှုန်းထားပမာဏ ဟာ မြန်မာအလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ဗီဇာကြေးလျှော့ပေါ့ပေးဖို့ မလေးရှား အာဏာပိုင်တွေကို တောင်းဆိုထားကြောင်း၊ ဒီစနစ်ဖျက်သိမ်းတဲ့အထိ၊ ဒါမှမဟုတ် ဗီဇာကြေးလျှော့ပေါ့ပေးတဲ့အထိ အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံက မလေးရှားကို တရားဝင် အလုပ်လုပ်ဖို့ သွားရောက်သူ အရေအတွက် လစဉ် သုံးထောင် ကျော်ရှိပြီး၊ မလေးရှားမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား လေးသိန်း ကျော် ရှိရာမှာ တစ်သိန်းကျော်က တရားမဝင် လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ အလုပ်အကိုင် အေဂျင်စီတွေကပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က စလို့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ဆက်စပ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားတွေအပေါ် တိုက်ခိုက်သတ်ဖြတ် မှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် မြန်မာ အာဏာပိုင်တွေက မလေးရှားကို အလုပ်သမားတင်ပို့မှု ရပ်ဆိုင်းခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာတော့ မြန်မာ ၂၄ ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် မြန်မာအလုပ်သမား ငါးထောင်ဝန်းကျင် ပြန်လာခဲ့ကြ ပါတယ်။