မလေးရှားကို မြန်မာ လုပ်သား ပြန်လည်စေလွှတ် ခွင့်ပြုဖို့ MOEAF တင်ပြ
2017.02.19

မလေးရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်မှု ယာယီရပ်နားထားတာ နှစ်လကျော်ကြာမြင့်နေပြီ ဖြစ်တဲ့ အတွက် ဈေးကွက်ပျောက်သွားမှာ စိုးရိမ်ရတာကြောင့် အလုပ်သမားတွေကို ပြန်လည်စေလွှတ်ခွင့်ပြုပေး ဖို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် (MOEAF)က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ တင်ပြခဲ့ပါတယ်။
မလေးရှားနိုင်ငံကို အလုပ်သမားတွေ ပြန်လည်စေလွှတ်နိုင်ဖို့အတွက် မလေးရှားရဲ့ နိုင်ငံရေးအခြေအနေတွေ ကို စောင့်ကြည့်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
"လောလောဆယ်တော့ ပြန်လွှတ်ဖို့ရာ နိုင်ငံရေးအခြေအနေစောင့်ကြည့်တာနဲ့ တချို့ သတင်းအချက် အလက်လေးတွေ ယူထားတယ်ပေါ့။ သူတို့ကတော့ ဈေးကွက်တစ်ခု ပျောက်သွားမှာစိုးတော့ ပြန်ပြီးတော့ ဒါလေးကို စဉ်းစားပေးပေါ့။ အဲဒါလေးတွေ ပြောတာရှိပါတယ်။ ဟုတ်ပြီ ကျနော်တို့က သုံးသပ်ချက်လေး လည်းပြော ဟိုမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ၊ အလုပ်သမားတွေရဲ့အခြေအနေ ဒါလေးတွေလည်း သူတို့ဘက်က တွေ့ရှိချက်လေးတွေ ပြောပေါ့။ အဲလိုအပြန်အလှန် ဆွေးနွေးခဲ့ပါတယ်"
မြန်မာလုပ်သားတွေ စေလွှတ်မှုရပ်နားထားတဲ့ ကာလအတွင်း မလေးရှားနိုင်ငံဘက်က တရားမဝင် လုပ်သားတွေ ကို EID လို့အမည်ပေးထားတဲ့ ယာယီနေထိုင်ခွင့် ကဒ်ထုတ်ပေးပြီး အလုပ်သမားလိုအပ်မှု ပြဿနာကို ဖြေရှင်းဆောင် ရွက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင်တက်ရောက်ပြီး ရခိုင်ပြည်နယ် အရေးဆန္ဒပြပွဲ ကျင်းပပြီးနောက် မလေးရှားနိုင်ငံကို မြန်မာ လုပ်သားတွေ စေလွှတ်မှုကို မြန်မာအစိုးရဘက်က ယာယီရပ်နားထားတာ ဖြစ်ပါတယ်။
အရင်ကဆိုရင် ပုံမှန်အားဖြင့် မလေးရှားနိုင်ငံကို တစ်ပတ်မှာ မြန်မာအလုပ်သမား ၅၀၀ ကနေ ၇၀၀ ကြားကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ မြန်မာအစိုးရဘက်က တရားဝင်ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။