မလေးရှားကို မြန်မာအလုပ် သမားတွေ ပြန်လည်စေလွှတ်မည်


2017.06.28
myanmar-embassy-malaysia-620.jpg မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးကို တွေ့ရစဉ်
Photo: Myanmar Embassy in Kuala Lumpur Facebook

မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိရဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့ မြန်မာအလုပ်သမား ၄ ထောင်ကျော်ကို မလေးရှားနိုင်ငံကို ပြန်လည်စေလွှတ် မယ်လို့ သိရပါတယ်။

ခွင့်ပြုချက်ရပြီးဖြစ်တဲ့ အလုပ်သမားတွေစာရင်းကို အလုပ်သမားဝန်ကြီးဌာနက အခုလ ၂၉ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ တောင်းထားတယ်လို့ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က ပြောပါတယ်။

" အလုပ်သမားသံအရာရှိ ထောက်ခံပြီးသားတွေကို ၂၉ ရက်နေ့နောက်အကျဆုံး ပြန်စေလွှတ်ခွင့် အတွက် ဒါကို အမြန်ဆုံးတင်ပေးပါဆိုပြီး စာထုတ်ပေးတာ။ လွန်ခဲ့တဲ့ ၃ လလောက်က ကျနော်တို့ ကောက်ထားတဲ့ စာရင်းအရ ၃၄၀၀ ကျော်ရှိတယ်။ ဒါက ကျနော်တို့ MOEAF ရုံးကို စာရင်းပေးတဲ့ စာရင်းအရပေါ့နော်။ တချို့ကလည်း လာမပေးထားတာတွေရှိတယ်။ ဝန်ကြီးဌာနကတော့ ခု ၄၀၀၀ ကျော်ခုစာရင်းရတယ်ပြော တယ်ခင်ဗျ"

အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစာရင်းတွေကို မနေ့က စတင်တောင်းခံခဲ့တာဖြစ်ပြီး ၂၉ ရက်နေ့ နောက်ပိုင်း အလုပ်သမားတွေ ပြန်လည်စေလွှတ် ဖို့ ဆောင်ရွက်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။

ပထမဦးဆုံးအနေနဲ့ အလုပ်သမားသံအရာရှိရဲ့ ခွင့်ပြုချက်ရပြီး အလုပ်သမားတွေကို စေလွှတ်ပြီးတဲ့အခါ မလေးရှား နိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ အလုပ်ရှင်တွေဆီက အလုပ်ခန့်စာ ရပြီးသားအလုပ်သမားတွေကို ထပ်မံ စေလွှတ်နိုင်ဖို့ ဆောင်ရွက်သွားမယ့် အနေအထားရှိတယ်လို့လည်း ဦးကျော်ထင်ကျော် ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ် နေတာတွေ လုံး၀ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားဆီးဖြေရှင်းပေး ရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲပြီးနောက် ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံဘက်က မလေးရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်ခွင့် ယာယီရပ်နားထားခဲ့တာ ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။