မန္တလေးမှာ လူငယ် ၁၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2024.12.16
မန္တလေးမှာ လူငယ် ၁၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ မန္တလေးမြို့တွင်းတစ်နေရာကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်းက မြို့နယ်ခုနစ်ခုမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ပြောပါတယ်။

မန္တလေး သပိတ်အင်အားစုကတော့ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ လူငယ် ၁၂၅ ဦးအထိ ဖမ်းဆီးခံရတယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနဲ့ အောင်မြေသာဇံမြို့တွေထဲမှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ခဲ့ပြီး အဲဒီသုံးမြို့နယ်ထဲမှာလည်း လူကိုးဆယ်ကျော် ဖမ်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ ညဘက် ကင်းလှည့်ပြီး လူငယ်တွေကို စစ်ဆေးဖမ်းဆီးတာရှိသလို နေအိမ်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးသွားတာလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်တွေမှာ ဧည့်စာရင်း ရှောင်တခင် စစ်တယ်ဆိုပြီး ဖမ်းသွားတယ်။ အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေပါတယ်။ အထူးသဖြင့် ရပ်ကွက်ထဲမှာ လူငယ်ရှိတဲ့အိမ်တွေကို စစ်ပြီး ဖမ်းသွားတာ”

မန္တလေးမြို့က စားသောက်ဆိုင်တွေမှာလည်း စစ်ကောင်စီတပ် သတင်းပေးတွေက ဖမ်းဆီးရမဲ့လူငယ်တွေကို ကြိုတင်လေ့လာပြီး အပြန်လမ်းမှာ ဖမ်းဆီးလိုက်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတချို့ကတော့ ငွေကြေးနဲ့ ပြန်ရွေးကြရတာရှိပြီး တချို့ကလည်း မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံမှုတွေဟာ ဒီရက်ပိုင်း ပိုများလာတာကြောင့် ခရီးသွားလာတာတွေနဲ့ ပျော်ပွဲရွှင်ပွဲ သွားလာတာတွေကို သတိပြုကြဖို့ မန္တလေး သပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီက နိုဝင်ဘာ နောက်ဆုံးပတ်မှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၅) အထိ စစ်သင်တန်းဆင်းထားပြီး အပတ်စဥ် (၆)နဲ့ (၇ )ကို ဆက်လက် သင်တန်းပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။