ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေ အခုအချိန်အထိ မိသားစုနဲ့တွေ့ခွင့်မရ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.28

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေကို အခုအချိန်အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတဲ့အတွက် သက်ဆိုင်ရာမိသားစုဝင်တွေ စုပေါင်း လက်မှတ်ထိုးပြီး မေတ္တာရပ်ခံတဲ့စာတစောင်ကို အာဏာသိမ်းစစ်ကောင်စီထံ မနေ့က ပေးပို့လိုက်ပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေကို မေလ ၂၈ ရက်နေ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင်က သူတို့ကို အလွန်ပူပြင်းတဲ့ နေရာမှာ တိုက်ပိတ်ထားတဲ့အတွက် နေထိုင်ရ အလွန်ခက်ခဲနေကြောင်း ပြောဆိုခဲ့ပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးမျိုးသစ်၊ စိုက်မွေးဝန်ကြီး ဒေါက်တာစိုးသန်း တို့ကို ထောင်ဆေးရုံပို့ထားရတယ်လို့လည်း သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကတော့ မနေ့က ဆေးရုံဆင်းတယ်လို့ဆိုပါတယ်။ မန္တလေးအကျဉ်းထောင် အသိုင်းအဝန်းနဲ့ အဆက်အသွယ်ရှိတဲ့ အမည်မဖော်လိုသူ ရှေ့နေတဦးက ဒေါက်တာဇော်မြင့်မောင်နဲ့အဖွဲ့ဝင်တွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာသိအောင် တင်ပြဖို့လိုတယ်လို့ ပြောပါတယ်။

“ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ အစိုးရအဖွဲ့ကို ပြစ်ဒဏ်တိုက်မှာထားတယ်လို့ သိရပါတယ်။ ပြစ်ဒဏ်တိုက်က လေဝင်လေထွက်လည်း မကောင်းဘူး၊ လူနေဖို့ မသင့်တော်ဘူး၊ သာမန်အကျဉ်းသား ထားတာ မဟုတ်ဘူး၊ ပြစ်ဒဏ်ကျတဲ့ ထောင်တွင်းပြစ်မှု ကျူးလွန်သူတွေကို ထားတာ။ ဒီအခြေအနေမှာ အသက် ၇ဝ ဝန်းကျင် အဖိုးကြီးတွေကို ဒီလိုနေရာမျိုးမှာထားတော့ heat stroke ရပြီးတော့ ဆေးရုံလဲ ၂ ယောက် ၃ ယောက် တက်ရတယ်လို့ ကြားရတယ်။ အမှုစစ်တဲ့အခါမှာလည်း မိသားစုနဲ့ တွေ့ခွင့်မရဘူး၊ တွေ့ခွင့်မရအောင်လဲ အဟန့်အတားမျိုးစုံလုပ်ထားတာ ကျနော်တို့ တွေ့ရတယ်။ လူချင်းတောင်မှ လှမ်းမြင်လို့မရအောင် အကာအရံတွေ ပိတ်ထားတယ်။ သူတို့ ဥပဒေအရဆိုရင် အများပြည်သူရှေ့ တရားစီရင်ရမှာ ဖြစ်ပါတယ်။ ဒီလူတွေရဲ့အသက်အရွယ် နဲ့ ဒီလိုထားရင်တော့ အသက်အရွယ်အရ စိုးရိမ်ရတဲ့ အနေအထားပါပဲ။ ဥပဒေနဲ့အညီ ခုခံချေပခွင့်လည်း ပေး၊ ဘာကြောက်စရာရှိလဲ မိသားစုနဲ့လဲ တွေ့ခွင့်ပေး၊ အများပြည်သူရှေ့ တရားစီရင်ရမှာပေါ့။ ဒါကြောင့်မို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးက ကြားဝင်ဆောင်ရွက်ပေးနိုင်အောင် ကျနော် ကြောက်ကြောက်နဲ့ပဲ အရဲစွန့်တင်ပြလိုက်တာဖြစ်ပါတယ်။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်ကလည်း အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ ဥပဒေမဲ့ဖမ်းဆီးထားသူတွေကို အခုလို မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ တိုက်ပိတ်ထားတာဟာ အနိုင်ကျင့်မှုဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူတဦးရဲ့အခြေခံအခွင့်အရေးတွေကိုတော့ လေးစားဖို့လိုတယ်လို့ RFA ကိုပြောပါတယ်။

note1.jpeg
၂ဝ၂ဝ နှောင်းပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ တွေ့ရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။

“ဘယ်လိုကိစ္စကြောင့်ပဲ ဖြစ်ဖြစ် အကျဉ်းသားတယောက်ဖြစ်တယ်ဆိုရင် သူ့မှာ လူတယောက်ရဲ့အခွင့်အရေးအရ ခံစားပိုင်ခွင့် ရှိတာပဲလေ။ ကျန်းမာရေးအရလည်း ဆရာဇော်က အဆိုးဆုံးအခြေအနေမှာ ခံစားနေရတယ်ဗျာ။ မိသားစု နဲ့လဲ မတွေ့ရဘူး။ ဆေးဝါးတွေလဲ ပြတ်နေလား အစရှိသဖြင့် သူ့မှာ လူတယောက်ရဲ့ အခွင့်အရေးအပြင်၊ ကျန်းမာရေးမကောင်းတဲ့သူတယောက်ရဲ့ အခွင့်အရေးပါ ဆုံးရှုံးနေတယ်လေ။ သူက ရာဇဝတ်သားလဲ မဟုတ်ဘူး၊ ပြစ်မှုကျူးလွန်သူလည်း မဟုတ်ဘူး။ သက်သက်မဲ့ နိုင်ငံ့တာဝန်ထမ်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် ဝန်ကြီးချုပ်တယောက်ကို နိုင်ငံရေးအရရော လူမှုရေးအရရော မသေ သေအောင်သတ်နေသလို လုပ်နေတာဘဲ။ ဒါဘယ်လိုမှ တရားမျှတမှု မရှိဘူး။ လူလဲ မဆန်ဘူး၊ ကျင့်ဝတ်နဲ့လဲ မညီဘူး။ နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ထားသူ အားလုံးနဲ့ ပတ်သက်လို့ မိသားစုနဲ့ တွေ့ဖို့၊ ဆေးဝါးပေးခွင့်၊ စားသောက်စရာပေးခွင့် ဒီအခွင့်အရေးတွေ ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ တောင်းဆိုပါတယ်။”

ဖမ်းဆီးခံနေရတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေအနက် ကင်ဆာရောဂါခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အာမခံလျှောက်ထားမှုကို လာမယ့် မေလ ၃၁ ရက်နေ့မှာ မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။