မန္တလေးမြို့အတွင်းက မြို့နယ် ၄ ခုမှာကျင်းပတဲ့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ အနိုင်ရ ရှိသူ စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ည ထုတ်ပြန်မှာ ဖြစ်ပါတယ်။ မန္တလေးမြို့စည်ပင်သာယာ နယ်နမိတ် အတွင်းမှာ မြို့နယ် ၆ ခုရှိတဲ့အထဲက ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အမရပူရနဲ့ ပြည်ကြီး တံခွန်မြို့နယ် လေးခုမှာ ရွေးကောက်ပွဲ ကျင်းပတာဖြစ် ပါတယ်။
မဟာအောင်မြေမှာ ပြိုင်ဖက်မရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပဖို့မလိုပေမယ့် အောင်မြေသာစံမြို့နယ်မှာတော့ ကိုယ်စားလှယ်ယှဉ်ပြိုင်မယ့်သူတွေဟာ အရည်အချင်း မပြည့်မီတဲ့အတွက် ဒီ ၂ နယ်မှာ ရွေးကောက်ပွဲ ကျင်းပ တာ မရှိဘူးလို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို ဒေသခံတွေက စိတ်ဝင်စားမှုရှိတယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးခင်မောင်ကျော် က ပြောပါတယ်။
"ပြည်သူက သူ့ဟာနဲ့သူ စိတ်ဝင်စားသူက စိတ်ဝင်စားပါတယ်၊ ကိုယ်စားလှယ်ကလည်း သူ့ဟာနဲ့သူ အရွေးခံတဲ့ ကိုယ်စားလှယ်ကလည်း အရွေးခံ၊ သူ့ဟာသူစည်းရုံးနဲ့ သူ့ဟာ သူတော့လည်ပတ်နေတာပေါ့၊ ဦးတို့ရောက်တဲ့ မဲရုံတွေမှာ တချို့ကတော့ ၃၀ ရာခိုင်နှုန်း ပြီးပြီ၊ တချို့ကတော့ ၂၅ ရာခိုင်နှုန်း ပြီးပြီ၊ ဦးသိတာကတော့ အကြမ်းမျဉ်းဆိုရင် နေ့လည် ၁ နာရီလောက်သိတာဆို ၅၀ ရာခိုင်နှုန်းကျော်ပြီ၊ ကျန်တာလေးတွေ သူ့ဟာနဲ့ သူတော့ ပေးနေကြတာပေါ့"
မြို့နယ် ၄ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ၁၃ဦးရှိပြီး တစ်မြို့နယ်အတွက် တစ်ဦးစီသာရွေးချယ်မှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ် လေးခုမှာ မဲရုံ ၁၄၇ ရုံ ရှိပြီး မဲပေးခွင့်ရှိသူ တစ်သိန်းနီးပါးရှိပါတယ်။