မန္တလေးမြို့မှာမနေ့ညရ နာရီလောက်ကစပြီးသန်းခေါင်ကျော်အထိဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းမှာလူ၅ ဦးဒဏ်ရာရပြီးဈေးဆိုင်တွေနဲ့ကား၁၁ စီးပျက်စီးခဲ့တယ်လို့မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောပါတယ်။
လူအုပ်စုကထိန်းသိမ်းဖို့ခက်ခဲတဲ့အတွက်ရာဘာကျည်နဲ့၃ချက်ဖောက်ပြီးလူစုခွဲခဲ့ရတယ်လို့မန္တလေးတိုင်းဒေသကြီးဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလိုပြောပါတယ်။
"ဒီဘက်ကနေရှင်းထုတ်လိုက်တဲ့ဟာ ၂၆၊ ၈၃ ကနေ ရှင်းလိုက်တဲ့ဟာက ၂၆၊ ၈၆ မှာသွားပြီးတော့ တခါထပ် သွားသောင်းကျန်းပြီးတော့ အဲနားက အဆောက်အဦးတွေကို ပစ်ပေါက်နေတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက လူထုခွဲပါလို့ ပြောမရတဲ့အတွက် ကျနော်တို့ ရာဘာကျည်နဲ့ မိုးပေါ်ကိုတော့ သုံးချက်လောက် ထောင်ပစ်လိုက်တာတော့ရှိပါတယ်၊ မနက် ၂ နာရီအချိန်လောက်မှာ ၂၃၊ ၂၄၊ ၂၅ လမ်း၊ ၈၃၊ ၈၄ ကြားမှာ သံဃာအပါး ၄ဝ လောက် လူအင်အား ၄၅ဝ လောက်က တုတ်ဓါးတွေကိုင်ဆောင်ပြီးတော့ ထပ်ပြီးတော့ အော်ဟစ်ဆူပူနေတဲ့အတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးစီးပြီးတော့ အဖွဲ့တွေနဲ့ သွားပြီးတော့ နားလည်အောင်ပြောဆိုပြီးတော့ လူထုခွဲခိုင်းပါတယ်"
ဆူပူမှုမှာပါဝင်သူလူပေါင်း၁ထောင်နီးပါးရှိတယ်လို့သိရပြီးမန္တလေးဂဠုန်နီဆရာတော်ဦးဆောင်တဲ့သံဃာတွေနဲ့မွတ်စလင်ခေါင်းဆောင်တချို့ကအခင်းဖြစ်တဲ့နေရာတွေမှာသွားရောက် ကူညီထိန်းသိမ်းခဲ့ရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမြို့၂၇လမ်းနဲ့၈၂လမ်းထောင့်မှာရှိတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကဝန်ထမ်းအမျိုးသမီးတစ်ဦးကိုဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူကအဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီးအင်တာနက်မှာသတင်းထွက်ပေါ်ခဲ့ရာကနေမနေ့ညကအဲ့ဒီလက်ဖက်ရည်ဆိုင်အနီးမှာအဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မနေ့ညကရဲတပ်ဖွဲ့ဝင်အင်အားငါးရာကျော်လောက်ကလမ်းတွေကိုပိတ်ဆို့ထားခဲ့ရပြီးဒီနေ့မနက်၁၀နာရီလောက်မှာလမ်းတွေကိုပြန်လည်ဖွင့်ပေးခဲ့ပေမဲ့လက်ဖက်ရည်ဆိုင်ရှိရာ၈၂လမ်းကိုတော့ပိတ်ထားဆဲဖြစ်ပါတယ်။