၆ မိုင်ခွဲက ပေါက်ကွဲမှု အလုပ်သမားခေါင်းဆောင်ကို အမှုဖွင့်

ရန်ကုန်မြို့ ပြည်လမ်းမပေါ် ၆ မိုင်ခွဲမှာ ရှိတဲ့ Market Place ဈေးဝယ်စင်တာ ပထမထပ်မှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလုပ်သမားခေါင်းဆောင်ဖြစ်သူကို အမှုဖွင့် အရေးယူထားပါတယ်။

အလုပ်သမားခေါင်းဆောင်ဖြစ်သူကို အရေးယူထားကြောင်း လှိုင်မြို့နယ် မြို့မရဲစခန်း ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောပါတယ်။

"သူတို့ဟိုဟာပေါ့။ ဖုန်းအားသွင်းတာကနေပြီးတော့မှ ဝါယာလျှော့ဖြစ်ပြီး မီးထွက်ပြီးတော့ ဂက်စ်က အငွေ့တွေ ယိုထားတာရှိတဲ့အတွက် အဲဒါ ၈ ဦး ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အဲဒါ အမှုဖွင့်ထားတယ်လေ။ အလုပ်သမား ခေါင်းဆောင်ပေါ့။ အလုပ်သမားခေါင်းဆောင်ကို ကျနော်တို့ ပြစ်မှုဆိုင်ရာအမှုနဲ့ အရေးယူထားတယ်။ ပုဒ်မက ၂၈၆ ၃၃၇/၃၃၈ နဲ့"

ဖုန်းအားသွင်းထားချိန်မှာ အပူလွန်ကဲပြီး ပေါက်ကွဲချိန်မှာ အဲကွန်းကနေ ဂက်စ်ယိုစိမ့်တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက်ခဲ့တဲ့ လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

အဲဒီဆိုင်ခန်းနေရာဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလတည်းက ပိတ်ထားတာဖြစ်ပြီး ဆိုင်ခန်းပြန်လည် ငှားရမ်းသူ ရှိလာတဲ့အတွက် အလုပ်သမား ၁၃ ဦးနဲ့ ပြင်ဆင်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။

ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမား ၈ ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရပြီး တစ်ဦးကတော့ ဒဏ်ရာသက်သာတဲ့အတွက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။