ကုလအကြီးအကဲခရီးစဉ် စစ်ကောင်စီအသုံးချနေကြောင်း လူမှုအဖွဲ့တွေပြော

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths တို့  ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths တို့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ (Myanmar Military)

ကုလသမဂ္ဂ လက်အောက်ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ အသုံးချမှုကို ရှောင်ရှားပြီး မြန်မာပြည်သူတွေကို အမှန်တကယ်ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကူညီပါလို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း ငါးရာကျော်က သြဂုတ်လ ၂၂ ရက်နေ့က စုပေါင်းတိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်ကို ပြီးခဲ့တဲ့အပတ်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ Martin Griffiths ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် အကျိုးတစ်စုံတစ်ရာမှ မရှိဘဲ အာဏာသိမ်း စစ်ကောင်စီကိုသာ တရားဝင် အသိအမှတ်ပြုဆက်ဆံသလို ဖြစ်သွားခဲ့တယ်လို့ Progressive Voice ရှေ့ပြေးအသံအဖွဲ့၊ KNWO ကရင်နီအမျိုးသမီးအစည်းအရုံး၊ HRFM မွန်လူ့အခွင့်အရေးအဖွဲ့၊ KPSN ကရင်ငြိမ်းချမ်းရေး အထောက်အကူအဖွဲ့၊ CHRO ချင်းလူ့အခွင့်အရေးအဖွဲ့ စတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလအကြီးအကဲနဲ့ လက်ဆွဲနုတ်ဆက်နေတဲ့ ဓာတ်ပုံကို နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ သူတို့ရရှိတဲ့ နိုင်ငံတကာအကူအညီတွေကို လက်နက်သဖွယ် အသုံးချနေတာကြောင့် ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ တရားမဝင် အာဏာသိမ်းအဖွဲ့နဲ့ မဆက်ဆံဘဲ မြန်မာနိုင်ငံရဲ့ နေရာဒေသအများစုကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဖို့၊ ပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဒုက္ခသည်တွေကို လက်တွေ့ကူညီနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တကယ်ထိရောက်တဲ့ အကူအညီတွေ ပေးဖို့လည်း လူမှုရေးအဖွဲ့ ၅၁၄ ဖွဲ့ရဲ့ စုပေါင်းတောင်းဆိုချက်မှာ တိုက်တွန်းထားပါတယ်။