စစ်ကောင်စီလက်အောက် ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်

2022.03.31
စစ်ကောင်စီလက်အောက် ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင် စစ်တွေမြို့ အ.ထ.က (၂) မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ လုံခြုံရေးတင်းကျပ်စွာ စတင်လိုက်ပါတယ်။ ဒီစာမေးပွဲဟာ လာမယ့် ဧပြီလ ၉ ရက်အထိ ကြာမြင့်မှာပါ။

စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းသားအများအပြား ဒီနှစ် ကျောင်းမတက်နိုင်ခဲ့ပါဘူး။ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ စာရင်းပေးသူ ဦးရေဟာ ၃ သိန်း ကျော်သာ ရှိခဲ့ ပါတယ်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပုန်ကန်မှုတွေနဲ့ ဗုံးဖောက်ခွဲမှုတွေ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ကြားက ကျင်းပတဲ့ စာမေးပွဲ ဖြစ်တာ ကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းပတ် ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေ ဝင်ထွက်ခွင့် ပိတ်ပြီး လုံခြုံရေး ယူထားပါတယ်။

စစ်သားတွေ ရှိတဲ့အတွက် အရင်နှစ်တွေကလို ကျောင်းသားမိဘတွေ ကျောင်းရှေ့မှာ လာစောင့်တာ မရှိတော့ဘူးလို့ ကိုယ်တိုင်စာမေးပွဲ ဖြေဆိုခဲ့တဲ့ ရန်ကုန်မြို့ခံကျောင်းသား တစ်ဦးက ပြောပါတယ်။

"စာမေးပွဲ ဒီနေ့ဖြေတာတော့ ဖြေနိုင်တယ်၊ အရင်တုန်းက စာမေးပွဲဖြေရင် ကျောင်းရှေ့ မှာ မိဘတွေက စာမေးပွဲ ဖြေတဲ့ အချိန်အတွင်းမှာ လာစောင့်နေကြတာပေါ့၊ အခုနှစ်က တော့ စောင့်လို့မရဘူး၊ စစ်သားနဲ့ ရဲတွေကတော့ အပြင်မှာ လုံခြုံရေးအပြည့် ယူထား တာတော့ တွေ့တယ်၊ ညီမတို့လည်း  မြန်မြန်ဖြေပြီး၊ မြန်မြန်ပြန်လာတယ်"

ရန်ကုန်တိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ ဦးရေ ၃၇,၅၆၀ ဦး ရှိပေမဲ့ စာမေးပွဲလာရောက် ဖြေဆိုတဲ့ ကျောင်းသားဦးရေကတော့ နည်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိသည့် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနားမှာ  ၂၀၂၂ မတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ် (Photo:RFA)
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိသည့် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနားမှာ ၂၀၂၂ မတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ် (Photo:RFA)

ကမ္ဘာ့ကပ်ရောဂါ Covid -19 ကြောင့် မနှစ်က နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေပိတ်ခဲ့ရလို့ ၂၀၂၁ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ဒီ့အပြင် မနှစ်က ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အရပ်သား အစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံတစ်ဝန်း ခုခံပုန်ကန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီစာမေးပွဲကို အရင်နှစ်တွေကထက်ပိုပြီး လုံခြုံရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အားဖြည့် ထားတာအမှန်ပဲလို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ အောင်ကျော် က RFA ကို ဒီကနေ့ ပြောပါတယ်။

"ကျနော်တို့က သက်ဆိုင်ရာ ကျန်းမာရေးတို့ ဘာတို့နဲ့လည်း ပေါင်းစပ်ညှိနှိုင်းထားတာ ပေါ့လေ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ရောပေါ့။ သူတို့လည်း ဝိုင်းဝန်းပံ့ပိုးကြပါတယ်။ ကျနော်တို့ဘက်က ပညာရေးဝန်ထမ်းတွေကတော့ အကုန်လုံး Standby ပါပဲ။ သက် ဆိုင်ရာနေရာတွေမှာ သူ့နေရာသူ ယူနေကြပြီးတော့ သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင် နေပါတယ်။ အရင်ကထက် ပိုပြီးတော့ အားဖြည့်ထားပါတယ်ပေါ့နော်။ ဆရာ၊ ဆရာမ တွေအားလုံးလည်း မနားရပါဘူး။ "

နိုင်ငံအတွင်း Covid-19 ကူးစက်ပျံ့နှံ့မှု ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ကြားကပဲ စစ်ကောင်စီဟာ ကျောင်းတွေပြန်ဖွင့်ခဲ့သလို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီစာမေးပွဲကို  ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ တစ်နိုင်ငံလုံးမှာ ၃၁၂,၂၉၉ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက မတ်လ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးဖြေဆိုခဲ့တဲ့ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ဖြေဖို့ စာရင်းပေးသူ ၉၇၁,၄၀၇ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအရေအတွက်နဲ့ ယှဉ်ရင် ဒီနှစ်ဖြေဆိုဖို့ စာရင်းပေး သူဦးရေဟာ ၇၀ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တာပါ။

စစ်ရေးပဋိပက္ခ တင်းမာနေတဲ့ ကယားပြည်နယ်မှာဆိုရင် ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသူ ၇၈၀ ဦးသာ ရှိပါတယ်။ အာဏာသိမ်းပြီးနောက် ဖြစ်ပွား ခဲ့တဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျောင်းသားတွေ အပါအဝင် အရပ်သား တစ်သိန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာမှာ နေထိုင်တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူ မစိုးမြာက တိုက်ပွဲတွေ ကြောင့် နေအိမ်ကနေ ထွက်ပြေးခဲ့ရလို့ စာမသင်ခဲ့ရ သလို စာမေးပွဲနဲ့လည်း လွဲခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"ညီမက အာဏာမသိမ်းခင်တုန်းက ဆယ်တန်းတက်ဖို့ ပြင်ဆင်ထားပြီ။ အကုန်လုံး မိဘတွေကလည်း အဆောင်မှာသွားထားဖို့ ပြင်ဆင်ထားပြီ၊ ကျူရှင်တွေ အကုန်လုံး သင်ထားပြီးပြီ။ အရင်တုန်းက အထက  ၂ ငွေတောင် ကျောင်းမှာ တက်ခဲ့တယ်။ အဲတော့ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတော့ တောထဲမှာ ပြေးလွှားနေရတာ တစ်နေရာ ပြီး တစ်နေရာ ပြေးရင် လည်း မလွတ်တော့ဘူး။ ငွေတောင်မှာကလည်း စစ်မြေပြင်လို ဖြစ်နေတော့ ပြေးနေရတာ အခုတော့ တောထဲမှာပဲ မိဘတွေနဲ့ စစ်ရှောင်ရင်း တစ်နေ့ လုပ် တစ်နေ့စား လုပ်နေရတာပေါ့။ ကျောင်းတက်ချင်တာပေါ့၊ သူတို့တွေ ကျောင်းတက် တာ မြင်ရင် လိုက်တက်ချင်တာပေါ့။ ဒီဆယ်တန်းဖြေဖို့ လျှောက်ဖို့ကလည်း အဆင် မပြေဘူးလေ၊ အဲတော့ တောထဲမှာပဲ"

ဒီကနေ့ မနက်အစောပိုင်းမှာလည်း ဒီးမော့ဆိုမှာ တိုက်ပွဲတွေရှိနေသလို၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေကို ယခင်နှစ်တွေကလို များများစားစား မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

"သူတို့တွေ ကျောင်းတက်တာ မြင်ရင် လိုက်တက်ချင်တာပေါ့။ ဒီဆယ်တန်းဖြေဖို့ လျှောက်ဖို့ကလည်း အဆင်မပြေဘူးလေ"

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အခြေခံပညာ အထက်တန်း ကျောင်း ၆,၁၇၈ ကျောင်းရှိတဲ့အနက် ၅,၂၀၉ ကျောင်းကိုပဲ ဖွင့်လှစ်နိုင်ခဲ့တာလို့ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ပြောတဲ့ အာဏာသိမ်းမှု တစ်နှစ်ပြည့် မိန့်ခွန်းမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

တချို့ကျောင်းသားမိဘတွေကတော့ စစ်ကောင်စီ ဦးဆောင်တဲ့ ပညာရေးစနစ်ကို အယုံ အကြည်မရှိသလို သူတို့ သားသမီး တွေကို ကျောင်းမထားဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ လသာ (၁) မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားတွေကို ၂၀၂၂ ခုနှစ် မတ်လ  ၃၁ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)
ရန်ကုန်မြို့ လသာ (၁) မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)

အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာနေထိုင်တဲ့  ဒေါ်ခင်သန်းနုလည်း ပါဝင်ပါတယ်။ လက်ရှိ ပညာရေးကို သပိတ်မှောက်ထား တာကြောင့် တက္ကသိုလ်ဝင်တန်း ဆက်မတက်တဲ့ သူ့ ကလေးအတွက် ဘာသာစကားသင်ပေးနေတယ်လို့ ဒေါ်ခင်သန်းနုက ပြောပါတယ်။

"စစ်ကောင်စီလက်ထက်မှာ ပညာရေးအခြေအနေကတော့ ဆရာ၊ ဆရာမတွေက CDM လုပ်ထားတော့၊ သူတို့ကို သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အန်တီတို့အနေနဲ့ သ ဘောလည်း မကျဘူး။ မနှစ်လည်း မနှစ်မြို့ဘူး၊ အန်တီတို့ စစ်ကောင်စီလက်ထက်မှာ ကလေးတွေကို ၁၀ တန်းလည်း မဖြေခိုင်းဘူး၊ ကျောင်းလည်း မထားသေးပါဘူး၊ တိုင်း ပြည် အေးချမ်းသွားမှ ပညာရေးကို ဆက်လက်သင်ကြားမယ်၊ အခုနေအခါမှာတော့ နွေရာသီမှာ သက်မွေး ပညာ လမ်းကြောင်းလေးရှိတယ်၊ သူတို့လုပ်ကိုင်စားသောက် နိုင်တဲ့ သက်မွေးလမ်းကြောင်းလေးတစ်ခုကို သင်ပေး နေတယ်၊ နောက်ပြီးတော့ လိုင်းပေါ်ကနေ အင်္ဂလိပ်စာလည်း လေ့လာနေတယ်"

နိုင်ငံအေးချမ်းတည်ငြိမ်တဲ့နေ့မှသာ သူ့ကလေးကို ကျောင်းပြန်ထားမယ်လို့ ဒေါ်ခင်သန်းနု က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ စာရင်းသွင်းတဲ့ ကျောင်းသားဦးရေဟာ ရခိုင်ပြည်နယ် မှာ အများဆုံးဖြစ်ပြီး ၄၅,၅၉၂ ဦးရှိပါတယ်။ ရန်ကုန် တိုင်းက ၃၇,၅၆ဝ ဦးနဲ့ ဒုတိယ၊ မန္တလေးတိုင်းမှာ ၃၇,၂ဝ၂ နဲ့ တတိယ ဖြစ်ပါတယ်။ အနည်း ဆုံးကတော့ ကယားပြည်နယ်ဖြစ်ပြီး  ၇၈၀ ဦးသာ ရှိပါတယ်။

ဒါပေမဲ့ ဒီကနေ့စာမေးပွဲမှာ လစ်လပ်နေတဲ့နေရာတွေ အများအပြားရှိတာကြောင့်  အမှန် တကယ်လာဖြေတဲ့ ကျောင်းသား ဦးရေ ဒီထက်ပိုနည်းနိုင်တယ်လို့ ကျောင်းသားမိဘတွေက ခန့်မှန်းကြပါတယ်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ လာရောက် ဖြေဆိုတဲ့ ကျောင်းသားဦးရေ အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။