ကျူးကျော်ဆောက်လုပ်ထား တဲ့ မောင်းမကန်ကမ်းခြေက ဘန်ဂလိုတွေ ဖျက်သိမ်းရမည်

တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မောင်းမကန်ကမ်းခြေမှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂ ခုဟာ မြေယာပိုင်ဆိုင်မှုထက်ကျော်လွန်ပြီး ကျူးကျော် ဆောက်လုပ်ထားတဲ့ ဘန်ဂလိုတွေကို ဖျက်သိမ်းပေးဖို့နဲ့ လုပ်ငန်းရပ်ဆိုင်းထားဖို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ညွှန်ကြားလိုက်ပါတယ်။

မောင်းမကန်ကမ်းခြေမှာ ဆောက်လုပ်ထားတဲ့ ကုမ္ပဏီ ၂ ခုရဲ့ လုပ်ငန်းလည်ပတ်မှုကို မနေ့က သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောပါတယ်။

"လက်ရှိမြေကျူးကျော်ပြီးဆောက်ထားတဲ့ ကုမ္ပဏီကိုတော့ ဘန်ဂလိုတွေ ဖျက်သိမ်း ပေးဖို့ ပြောထားတယ်။ ဘန်ဂလို ၁၂ လုံးလောက်ရှိတယ် အဲ့ဒါဖျက်ပေးရမှာ။ ဟိုဘက်က ကုမ္ပဏီကတော့ လက်ရှိလုပ်ငန်းတွေ ရပ်ခိုင်းထားတယ်။ မြေယာပိုင်ဆိုင်မှု ပြန်လုပ်ပြီးမှ ဟိုတယ်လုပ်ငန်းပြန် လုပ်ဖို့ ပြောထားတယ်။"

မောင်းမကန်ကမ်းခြေမှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂ ခုသာရှိပြီး အဲ့ဒီထဲက ဧက ၄၀၀ ကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ ဟိုတယ်လိုင်စင်မရှိပဲ ဘန်ဂလိုတွေဆောက်လုပ်နေတာဖြစ်ပါတယ်။

နောက်ထပ်ကုမ္ပဏီတစ်ခုက ဟိုတယ်လုပ်ကိုင်ခွင့်လိုင်စင်ရှိပြီး မြေပိုင်ဆိုင်မှုမရှိဘဲ ဘန်ဂလိုတွေ ဆောက်လုပ်နေတာကြောင့် လုပ်ငန်းရပ်ဆိုင်းဖို့နဲ့ မြေယာ ပိုင်ဆိုင်ခွင့်တင်ပြတောင်းခံဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။