ရသေ့တောင်နဲ့ မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရေးကော်မတီ ပဏာမအစီရင်ခံစာ တင်သွင်း


2016.11.12
aungwin-maungtaw-620 မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီ ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်-မောင်တောမှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့နဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ နယ်စပ်က အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူဖို့ မောင်တောအကြမ်းဖက် ခံရမှု လေ့လာစုံစမ်းရေးကော်မတီက ပဏာမအစီရင်ခံမှာ တိုက်တွန်းထားပါတယ်။

လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ နယ်စပ်ဂိတ်က လူူဝင်လူထွက်ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ လို့ ပြဿနာတွေဖြစ်လာတာလို့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ မောင်တောအကြမ်းဖက်မှု လေ့လာ စုံစမ်းရေးကော်မတီ ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

"အဲ့ဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့ဝင် ဝန်ထမ်းတွေဟာ လာဘ်ပေးလာဘ်ယူကိစ္စတွေကို လုပ်ကိုင်နေတာ လုံးဝရပ်စဲဖို့လိုတယ်၊ ဒီလိုဖြစ်ပေါ်လာ ရတဲ့အကြောင်းအရင်းတစ်ရပ်ဟာလည်း ဒီလာဘ်ပေးလဘ်ယူ ကိစ္စတွေကြောင့် ဒီဘင်္ဂလီတွေအပေါ်မှာ ပေါ့ပေါ့တန်တန် စဉ်းစားခဲ့တဲ့ အချက်တွေကြောင့် ပါဝင်တယ်၊အဲ့ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ် လူဝင်လူထွက်ကိစ္စကို တင်းတင်းကြပ်ကြပ်လုပ်ဖို့ အကြံပြုထားတာရှိပါတယ်၊ အဲ့ဒီငွေပေးငွေယူ ချစားမှုတွေကိုထိထိရောက်ရောက်အရေးယူဖို့ တိုက်တွန်းထားတာလည်း ရှိပါတယ်"

ပြည်နယ်လွှတ်တော်ထံ တင်သွင်းထားတဲ့ ကော်မတီရဲ့ ပဏာမအစီရင်ခံစာမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပေးဖို့၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ်မှာ သံဆူးကြိုးနဲ့ ကာရံထားတာကို အုတ်တံတိုင်းနဲ့ ပြောင်းလဲကာရံဖို့၊ မွတ်စလင်ကျေးရွာတွေကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကို ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းရေးကော်မတီဖွဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ကာ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပဏာမအစီရင်ခံစာကို နိုဝင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ထံ တင်ပြထားတာဖြစ်ပြီး ပြည်နယ် လွှတ်တော်ကတဆင့် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြမှာဖြစ်ပါတယ်။

မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီဟာ အပြီးသတ်အစီရင်ခံစာကို ဒီဇင်ဘာလ နောက်ဆုံးပတ် မှာ တင်ပြရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။