မောင်တောတဖက်ကမ်း ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းကို မဟာစင်မုန်တိုင်း ဝင်ရောက်


2013-05-16
Share
cyclone-305 ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင့်ရဲ့ ခန့်မှန်းချက် သတင်းဓာတ်ပုံ
photo: U Tun LWin

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ဟာ မြန်မာနိုင်ငံ မောင်တော တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် စစ်တကောင်းဖက်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီလောက်က ဦးတည်ဝင်ရောက်တိုက်ခတ်နေတယ် လို့ သိရပါတယ်။

မဟာစင်မုန်တိုင်းဟာ စစ်တကောင်းဒေသဖက်ကို တစ်နာရီ လေတိုက်နှုန်း မိုင် ၆၀ လောက်နဲ့ တိုက်ခတ်နေတာလို့ ခန့်မှန်းကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ဗဟိုချက်ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းကဖြတ်မယ်၊ အခုလက်ရှိမှာတော့ တစ်နာရီကို ၁၅ မိုင်နှုန်းနဲ့ရွေ့နေတယ်၊ လေတိုက်နှုန်းကတော့ တစ်နာရီကို မိုင် ၆၀ နှုန်းလောက်နဲ့ တိုက်နေတယ်၊ ရခိုင်ပြည်နယ်မှာလည်း မုန်တိုင်းဒဏ်တော့ နည်းနည်းပါးပါးတော့ ခံစားရမှာပေါ့၊ မုန်တိုင်းကတော့ တိုက်ရိုက်မထိတော့တဲ့အတွက် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တို့မှာလည်း နေရာကွက်ပြီးတော့ မိုးကြီးနိုင်တာပေါ့"

မုန်တိုင်းရဲ့ အကျယ်အဝန်းဟာ မိုင် ၇၀ ကနေ ၈၀ အထိ ရှိနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဒေသဟာ မုန်တိုင်းစက်ကွင်း အစွန်အဖျားပိုင်း ကျရောက်နိုင်ပြီး မောင်တောဖက်မှာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၄၀ ကနေ ၅၀ အထိ အများဆုံးတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်းရဲ့ အစွန်အဖျားရိုက်ခတ်မှုကို ခံရနိုင်တဲ့ဒေသမှာရှိတဲ့ ဒေသခံတွေကို ကြက်ခြေနီအသင်းက ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှူး ဦးအောင်သောင်းရွှေက ပြောပါတယ်။

"ကြက်ခြေနီတွေကတော့ လောလောဆယ် ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဘေးအန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေကနေ လွတ်ကင်းတဲ့နေရာတွေကို ရွှေ့ပြောင်းပေးလျက်ရှိပါတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ရှေးဟောင်းပြုစုနည်းနဲ့ပြုစုပြီးရင် သက်ဆိုင်ရာဆေးဝါးကုသနိုင်မယ့်နေရာတွေကို ပို့ဆောင်ပေးနေပါတယ်"

မြန်မာ့ရေပိုင်နက်အတွင်းမှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေလောက်သာ အများဆုံးရှိနိုင်တော့ကြောင်း၊ မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့ စိုးရိမ်စရာမရှိတော့ဘူးလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)က တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့