မောင်တောတိုက်ပွဲ တပ်မတော် စစ်ကြောင်းမှူး ကျဆုံး


2016.11.12
maungtaw-map-620 Photo: MOI Webportal Myanmar
မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာပြပုံ

နိုဝင်ဘာလ ၁၂ ရက်နေ့ မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်း တစ်ခုကို လက်နက်ငယ်နဲ့ ဓားလှံတွေကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမား ၅ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်သမားတွေ အင်အားများပြားတဲ့အတွက် တပ်မတော်လေတပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ ကူညီတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ပွဲမတိုင်မှီ မနေ့မနက်စောစောပိုင်းက မောင်တောမြို့နယ် မယင်းတောင်ကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းကို အကြမ်းဖက်သမား ၆ဝ ကတိုက်ခိုက်ခဲ့ရာမှာ တပ်မတော်သားတစ်ဦးကျဆုံးပြီး သောင်းကျန်းသူ ၆ ဦးရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မယင်းတောင်တိုက်ပွဲအပြီး ပွင့်ဖြူကျောင်း ကျေးရွာမှာ ထပ်မံဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ အကြမ်းဖက်သမားလို့ ယူဆရတဲ့ ဘင်္ဂါလီ အမျိုးသား ၃၆ ဦးကို ဖမ်းဆီးမိခဲ့ကြောင်းနဲ့ ပွင့်ဖြူကျောင်းကျေးရွာကို မီးရှို့ပြီး ဂွဆုံကျေးရွာဖက် ထွက်ပြေးတဲ့ အကြမ်းဖက်သမားတွေကို အစိုးရတပ်တွေက လိုက်လံတိုက်ခိုက်ရာမှာ အခုလို စစ်ကြောင်းမှူး ကျဆုံးတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မနေ့မနက်က မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ကား ၃ စင်းကို ငါးခူရ စခန်းအသွား မောင်နှမရွာအဝင်မှာ အကြမ်းဖက်သမားတွေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ကြောင်းနဲ့ သေကြေထိခိုက်ဒဏ်မှုတော့ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။