ဒုက္ခသည်တွေ ပြန်လက်ခံမယ့်နေရာမှာ လုံခြုံရေးအဆင့်မြှင့်ထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံမယ့်နေရာတွေမှာ လုံခြုံရေး အဆင့်မြှင့်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဒီကနေ့ကျင်းပတဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအပြီးမှာ ဒုက္ခသည်တွေကို ပြန်လက်ခံ မယ့်နေရာတွေက လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေးက သတင်းထောက်တွေ ကို ပြောတာဖြစ်ပါတယ်။

"ဒီနယ်မြေရဲ့ လက်ရှိအနေအထားအရပဲ အဲ့နယ်မြေမှာ လုံခြုံရေးနဲ့ပတ်သက်လို့ ရဲလုံခြုံရေးရှိတယ်၊ နောက် အုပ်ချုပ်တဲ့လူတွေရှိတယ်၊ ရဲလုံခြုံရေးတွေလည်း အခုလူဦးရေတွေတိုးထားတယ်၊ နောက်ပြီးတော့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ပိုပြီးတော့ အဆင့်မြှင့်တာတွေ ဆောင်ရွက်နေတယ်ဆိုတော့ လုံခြုံရေးကတော့ ရှိနေမယ်ပေါ့"

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ လာမယ့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကစပြီး ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံရမှာဖြစ်ပါတယ်။

အဲဒီလိုလက်ခံရာမှာ ငါးခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာ လက်ခံမှာဖြစ်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဇန်နဝါရီလ အတွင်းလက်ခံလို့ရမယ့် အခြေအနေရှိတယ်လို့ ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်က သူတို့ဆန္ဒအလျောက်ပြန်လာမယ်လို့ ဆိုတဲ့အတွက် ပထမဆုံးပြန်လာမယ့်သူတွေ ဖြစ်လာမယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က အကြမ်းဖက်သမားတွေက ရဲစခန်းတွေကို တိုက်ခိုက်မှုအပြီး ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူဦးရေသိန်းနဲ့ချီပြီး ထွက်ပြေးသွားကြ တာဖြစ်ပါတယ်။