ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြုံခဲ့ရတဲ့ တိုင်းရင်းသားကျေး ရွာတွေကနေ ရန်ကုန်မှာနေထိုင်ပြီး ပညာသင်ယူဖို့ထွက်ခွာသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ဝ ကျော်ကို အစိုးရက တားမြစ်ပြီး မူလကျေးရွာတွေဆီကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဆီကနေ ခွင့်ပြုချက်မရဘဲသွားတယ်ဆိုပြီး နေရပ်ကို ပြန်လွှတ်လိုက်တာလို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးမာန်သက်က ပြောပါတယ်။
"ပြန်လွှတ်လိုက်တာကတော့ ဌာနဆိုင်ရာကို အကြောင်းမကြားတဲ့အတွက်ကြောင့်နဲ့ စစ်ဆေးပြီးတော့ သူတို့ကို ပြန်လွှတ်လိုက်တာပါ။ အထောက်အထားကတော့ လဝက အထောက်အထားတွေရော၊ မြို့နယ် မယက အထောက်အထားတွေရော ယူရမှာတဲ့။ ဝင်ခွင့်မှတ်ပုံတင်ရှိတဲ့လူ ပြန်လာပါတယ်။ နောက်ပြီးတော့ တဘက်နိုင်ငံက ပြောင်းရွှေ့လာတဲ့လူ ပြန်လာပါတယ်"
မောင်တောမြို့နယ် လောင်းဒုံ၊ ကြိမ်ချောင်း၊ နန်းရာကိုင်း၊ ခထီးလှ၊ တရိမ်း စတဲ့ကျေးရွာတွေက ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးဟာ သူတို့ရဲ့ပညာရေးအတွက် နီးစပ်ရာဆွေမျိုးတွေရဲ့ အဆက်အသွယ်နဲ့ လာမယ့် ကျောင်းဖွင့်ရာသီအမီ ရန်ကုန်မှာပညာသင်ယူဖို့အတွက် မေလ ၁ဝ ရက်နေ့က ကားနဲ့သွားရောက်ခဲ့ကြတာပါ။
သူတို့စီးနင်းလာတဲ့ကားကို အမ်း စစ်ဆေးရေးဂိတ်အရောက်မှာ တားမြစ်ခဲ့ကာ ဒီနေ့မှာတော့ မောင်တောမြို့နယ်က သူတို့ရဲ့ မူလကျေးရွာတွေဆီကို အာဏာပိုင်တွေက ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပညာသင်ယူဖို့သွားရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ဒုတိယတန်းကနေ သတ္တမတန်းအရွယ် ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
တားမြစ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ၂ဝ၁၃ ခုနှစ်လောက်က အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကနေ ရခိုင်ပြည်နယ်ထဲကို အခြေချဖို့ဝင်ရောက်လာတဲ့ ရခိုင်မျိုးနွယ်စု မိသားစုတွေထဲက ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးပါဝင်ပြီး သူတို့ဟာ အစိုးရရဲ့ အသိအမှတ်ပြု နိုင်ငံသားကတ်တွေ မရှိဘူးလို့ သိရပါတယ်။
ပြန်ပို့ခံရတဲ့သူတွေထဲက ကျန် ၁၇ ဦးကတော့ နိုင်ငံသားကတ်ကိုင်ဆောင်ထားတဲ့ မိဘတွေက ဆင်းသက်လာတဲ့ မြို၊ ခမီ၊ ဒိုင်းနက် ရခိုင်မျိုးနွယ်စုတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးအောင်မင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်တွေက အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားခဲ့တာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရသလို ကလေးတွေရဲ့ ပညာရေးပိုင်းမှာလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
