မှော်ဘီမှာ စစ်တပ်က မြေသိမ်းပြန်

0:00 / 0:00

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာ ခဲ့တဲ့ခြံမြေ ဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေ နဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေ ဆန္ဒပြကြမယ်လို့ ဆိုပါတယ်။

ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းက တောင်သူ ၂ဝ ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်က လုပ်ကိုင်နေတဲ့ ခြံမြေတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေဖြစ်ပြီး တောင်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးဖို့ ဝါးနက်ချောင်းအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အရောက်လာကြဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ တောင်သူ ဦးစိုးထွန်းက ခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဒီလက်မှတ်ကို မထိုးနိုင်ဘူး၊ မထိုးနိုင်ဘူးဆိုတာ ကျနော်တို့က လုပ်ကိုင်နေတဲ့ လူတွေဖြစ်တယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးကလည်း ထောက်ခံထားတာရှိတယ်၊ ထောက်ခံတယ်ဆိုတာ အပင်စိုက်ပျိုးကြောင်း ထောက်ခံထားတာရှိတယ်၊ ကျနော်တို့မှာ ပြေစာအပြင်ကို ခိုင်မာတဲ့ဟာ စိုက်ပျိုးတာ လုပ်ကိုင်တာလည်းရှိတယ်၊ အပင်တွေပြစရာရှိပါတယ်ခင်ဗျ၊ လက်မှတ်မထိုးပဲ ကန့်ကွက်ဆန္ဒပြဖို့ပဲ ရှိပါတယ်"

ဒီမြေတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၁၉၉၉ ခုနှစ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတွေကို ချထားပေးပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကြားစာကို ခြံလုပ်ကိုင်နေသူတွေထံ ပေးပို့ထားပါတယ်။ ဒါပေမဲ့တောင်သူတွေက မိမိတို့မှာရှိတဲ့ စာရွက်စာတန်းတွေကို ပြသရှင်းလင်းပြီးဖြစ်တယ်လို့ ဆိုပါတယ် ။

တောင်သူတွေအနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကြမှာဖြစ်ပေမဲ့ လက်မှတ်ရေးထိုးဖို့မဟုတ်ဘဲ ကန့်ကွက်ဆန္ဒပြဖို့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

တောင်သူ ဦးစိုးထွန်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။