မော်လိုက်မှာ စစ်ကြောင်းထိုးနေလို့ ရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
2023.06.05

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရွာတွေကို စစ်ကောင်စီတပ်က အင်အားအစုံနဲ့ စစ်ကြောင်းထိုးနေသလို ဖမ်းဆီးသတ်ဖြတ်မှုပါ ရှိနေတာကြောင့် ရွာပေါင်း ၁၄ ရွာက ပြည်သူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၂ နေ့က ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ထော်သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့စခန်း တိုက်ခိုက်ခံရပြီးနောက် အနီးနားက ရွာပေါင်း ၁၄ ရွာကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ တပ်အစုံနဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
မေလ ၃၁ နေ့မှာလည်း တောင်တွင်းရွာ ဘုန်းကြီးကျောင်းစောင့် ကပ္ပိယ ဦးဘချစ်၊ လက်သမားဆရာ ဦးမောင်အေး၊ ကိုဖိုးချစ် အပါအဝင် လေးဦးကို PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးသွားပြီး ဦးဘချစ်ကတော့ ပစ်သတ်ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ မော်လိုက် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ရွာသား ဦးဘချစ်က လူရိုးကြီးပါဗျာ။ အသက် ၆၀ လောက်လည်းရှိပါပြီ၊ တစ်ရွာလုံးကလည်းချစ် ဘုန်းကြီးကလည်းချစ်လို့ ကျောင်းကိုခေါ်ထားတာပါ။ သူ့ကို စစ်ကောင်စီတပ်က PDF ပါဆိုပြီး သူနဲ့အတူ လေးယောက်ကို ဖမ်းဆီးချုပ်နှောင် သွားတာ။ ဦးဘချစ်ကိုတော့ တောင်တွင်းရွာရဲ့မြောက်ဘက် နှစ်မိုင်ကွာ သစ်ခေါင်းတီး လယ်တောမှာ ဗိုက်၊ ရင်ခေါင်းနဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်ပစ်သတ်သွားတယ်။ ခေါင်းလည်း ပွင့်သွားတယ်။ လွတ်လာတဲ့ ၁၅ နှစ်အရွယ် ကိုဖိုးချစ်ကတော့ နှိပ်စက် ခံရတဲ့ ဓားဒဏ်ရာတွေနဲ့ မသေရုံတမယ်၊ လည်ပင်းပတ်ချာလည်မှာလည်း ဓားဒဏ်ရာ တွေချည်းပဲ၊ မျက်နှာတွေတစ်ခုလုံးလည်း ဖူးရောင်နေပြီးမှ လွတ်လာတာပါ"
ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဒီပင်္ကရာဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ညောင်သပြေ၊ ညောင်ဝန်း၊ လောင်းကောင်း၊ တောင်တွင်း၊ မှန်ပင်၊ ကံထူး၊ တောင်းအင်၊ သာနန်းတော၊ ခုံသာ၊ နန်းတိုင်းသာ၊ နန်းသီ၊ တောင်းကုန်း၊ နန်းဖြူနဲ့ ထော်သာရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
မော်လိုက်မြို့ဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ဖောင်းပြင်၊ ကျွန်းလှ၊ ကလေးဝ၊ ကလေးမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ရွာတွေအများစုဟာ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာပဲ ရှိကြတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ လေယာဉ်တွေနဲ့ပါ မကြာခဏ ဗုံးလာကြဲနေတာကြောင့် ဘယ်သူမှမနေရဲကြတော့ဘူးလို့ RFA ကို ပြောပါတယ်။
"ထော်သာရွာက စစ်ကောင်စီတပ် တိုက်ခိုက်ခံလိုက်ရတဲ့ မေလ ၁၂ နေ့ကတည်းက လေယာဉ်သုံးစီးလာတယ်၊ ဗုံးကြဲ တိုက်ခိုက်တယ်၊ လေယာဉ်တွေနဲ့ ဗုံးလာလာကြဲတာ ရက်ခြားခြားပဲ၊ မှတ်မိသလောက်ပြောရရင် မေလ ၁၆ နေ့ လေယာဉ် တစ်စင်း၊ ၂၀ နေ့မှာ နှစ်စင်း၊ ၂၁ နေ့မှာ နှစ်စင်းလာပြီး လေကြောင်းကနေ ဗုံးတွေကြဲကြတယ်၊ ဟိုအနောက်ဘက်ကမ်း ဒီပင်္ကရာဘုရားကုန်းပေါ်ကနေလည်း အမြောက်တွေနဲ့ ကျွန်မတို့ရွာဘက်တွေကို လှမ်းပစ်တယ်၊ ရွာတွေမှာ ဘယ်သူမှ မနေရဲတော့ဘူး၊ တောင့်ခံနေတဲ့သူတွေပါ ပြေးနေကြရပြီ၊ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ကျောင်းတွေစာရင်း ကတော့ ဘယ်သိရဦးမလဲ၊ စစ်တပ်နဲ့ ပျူတွေက ရွာတွေထဲအထိ ရောက်နေကြပြီလေ"
တိုက်ပွဲဖြစ်နေတဲ့ မြစ်အရှေ့ဘက်ခြမ်းရွာတွေမှာ ဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိအထိ တောင်းအင်ရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ် တပ်စွဲထားသလို ထော်သာရွာက ပျူစောထီးစခန်းကိုပါ တပ်အင်အားတွေဖြည့်ထားတယ်လို့ မော်လိုက် ဒေသခံတစ်ဦးက ပြောပါတယ်။
"ထော်သာစခန်းကို စစ်ကူလာတိုက်ပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲမှာ အမျိုးသမီး စစ်သည်တွေတောင် ပါလာကြတယ်လို့ ကြားတယ်။ ၁၀၀ ကျော် ၁၅၀ လောက်တော့ ကျတယ်ကြားတယ်ဗျ။ ဒါကြောင့်လည်း သူတို့ဘက်က လေကြောင်းတွေတအားသုံးပြီး ဗုံးတွေတအားကြဲတာလေ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်တဲ့ ပြည်သူတွေရဲ့ အရေအတွက်တော့ သေချာမသိရသေးဘူး။ ကျဆုံးတာတော့ နန်းသီက တစ်ယောက်၊ တောင်တွင်းက တစ်ယောက်၊ သာနန်းတောက တစ်ယောက် ကျတယ်လို့တော့ ကြားပါတယ်"
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများတယ်လို့ မော်လိုက်ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီး ခဲ့ပြီး အရပ်သားပြည်သူ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။