မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဖမ်းဆီးခံရ

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးအာစာရအား တွေ့ရစဉ်။
မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးအာစာရအား တွေ့ရစဉ်။ (Citizen Journalist)

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးအာစာရကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီကလည်း ဦးအာစာရ ဖမ်းဆီးခံရမှုကို အတည်ပြုပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

သက်တော် ၄၀ ဝန်းကျင်ရှိတဲ့ ဦးအာစာရဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သပိတ်ခင် ဆိုတဲ့ နာမည်နဲ့ မန္တလေးဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတာပါ။

ဦးအာစာရ ဦးဆောင်တဲ့ မန္တလေးသံဃသမဂ္ဂကလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့နေ့တိုင်းနီးပါး ပြုလုပ်နေပါတယ်။

မန္တလေးသံဃသမဂ္ဂ နောက်ထပ် ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးကလျာဏ လည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်ညနေက ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိအချိန်အထိ မန္တလေးသံဃသမဂ္ဂက ဆရာတော် ၁၇ ပါးဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ဆရာတော် ခုနစ်ပါးပြန်လွတ်လာပေမယ့် ၁၀ ပါးက ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ရဟန်းသံဃာတွေ အပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ် ၁၃,၃၇၅ ဦးဖမ်းဆီးခံထား ရပါတယ်။