မျိုးစောင့်ဥပဒေတွေ ပြဌာန်းပေးဖို့ မန္တလေးမှာ သံဃာတော်တွေ ဆန္ဒပြတောင်းဆို


2014.10.30
mdy-monks-305 မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) က မန္တလေးမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က တောင်း ဆိုစဉ်
Photo: Hset Paing Toe/ RFA

မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က သံဃာတော်တွေ၊ သီလရှင်တွေနဲ့ စစ်ကိုင်းနဲ့ မိတ္ထီလာမြို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်တချို့က ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့ တောင်း ဆိုကြောင်း ဆန္ဒပြပွဲအပြီး အိမ်တော်ရာဘုရားမှာ ကြေ ညာချက်ထုတ်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာ မျိုးစောင့်ဥပဒေတွေ ပြဌာန်းဖို့ ကန့်ကွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)နဲ့ လာရောက်ဆွေးနွေးဖို့ ပါဝင်ကြောင်း ဆန္ဒပြခေါင်းဆောင် ဆရာတော်တစ်ဦးဖြစ်တဲ့ ဥူးယသက မိန့်ပါတယ်။

"မြန်မာတိုင်းရင်းသားတရပ်လုံး အားလုံးအတွက် အလွန်အရေးကြီးသော မျိုးစောင့်ဥပဒေကို လက်ရှိအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်၊ ပြည့်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေပြု အမတ်များအနေဖြင့် အမြန်ဆုံးပြဌါန်းပေးကြပါရန် တောင်းဆိုလိုက်သည်၊ ကန့်ကွက်ရှှုံ့ချနေသော မည်သည့်အဖွဲ့အစည်းမဆို မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချနေသူ မည်သူမဆို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် မန္တလေးတိုင်း ဒေသကြီးနဲ့ အချိန်မရွေး လာရောက် ဆွေးနွေးနိုင်ကြောင်း ကြေညာလိုက်သည်"

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသ ကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀၀ ခန့်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာ မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေစတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေး ဖို့ နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီတောင်းဆိုမှုအပေါ် နိုင်ငံတော်သမ္မတက အဖွဲ့ဝင် ၁၂ဦးပါတဲ့ မျိုးစောင့်ဥပဒေရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။