စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာမှာ အရပ်သား ၁၂ ဦးသေဆုံး

RFA Burmese
2024.10.11
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာမှာ အရပ်သား ၁၂ ဦးသေဆုံး မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာဘုန်းကြီးကျောင်းအား လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ပေးနေသည့်အား တွေ့ရစဉ်။
MDY-PD

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာလ ၁၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ သုံးပါးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) သတင်းထုတ်ပြန်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ စစ်ဆင်ရေးနဲ့ သက်ဆိုင်မှုမရှိဘဲ ပြည်သူကို အကြောင်းမဲ့သက်သက် ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

“လက်ရှိ မတ္တရာမြို့အရှေ့ဘက်ခြမ်းမှာ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတာရှိပါတယ်၊ ဒီနေ့လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့တဲ့ ဝေါစုရွာ စစ်ရှောင်စခန်းဟာ မတ္တရာမြို့ရဲ့ အနောက်ဘက်ခြမ်းဖြစ်ပြီး တိုက်ပွဲနဲ့ဝေးတဲ့နေရာဖြစ်တယ်၊ စစ်ဆင်ရေးနဲ့ သက်ဆိုင်တာမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပြည်သူကို ပစ်မှတ်ထား လေကြောင်းနဲ့တိုက်ခိုက်တာဖြစ်ပါတယ်”

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးအပြင် ၁ဝ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကိုအော်စမွန်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့လည်း MDY-PDF က ထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် တုံကုန်းရွာနဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံ သုံးရာလောက်ဟာ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတာလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။