မန္တလေးလူငယ်သင်တန်းကျောင်းမှ အကျဥ်းသားနှစ်ဦးသေဆုံးမှု စတင်စုံစမ်း

2020-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့နာရေးကို တွေ့ရစဉ်
မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့နာရေးကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ အကျဉ်းကျနေတဲ့ လူငယ် ၂ ယောက် သေဆုံးမှုဟာ ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့်လို့ မန္တလေးတိုင်းအစိုးရက ပြောလိုက်ပါတယ်။ လူငယ်သင်တန်းကျောင်းကနေ ဇူလိုင်လ ၃၁ ရက်နေ့က ထွက်ပြေးခဲ့ကြတဲ့ ဒီလူငယ်နှစ်ယောက်ဟာ ပြန်အဖမ်းခံရပြီးမှာပဲ သေဆုံးခဲ့ကြတာပါ။

မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကတော့ - ဒီပြဿနာဖြစ်ရတာဟာ သင်တန်းကျောင်းမှာ ဝန်ထမ်းအင်အား လုံလောက်အောင် ပြည်ထောင်စုအစိုးရက မချထားနိုင်လို့ လို့ ပြောပါတယ်။

“ကလေးသူငယ်ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့နောက် အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ် သတ်မှတ်လိုက်တဲ့ အတွက် ပြစ်မှုပြစ်ဒဏ်ကျနေတဲ့သူတွေ အများကြီး (သင်တန်းကျောင်းကို) ရောက်လာတယ်။ ကျောင်းရဲ့ လုပ်နိုင်စွမ်းက လူ ၂၀၀ ကျော်လောက်ပဲ ဆံ့နိုင်တယ်။ ဝန်ထမ်းကလည်း အဲဒီလောက်ပမာဏပဲလုပ်နိုင်တယ်။ ကျောင်းသား ၅၀၀ လောက်ကိုထိန်းနိုင်တဲ့ ဝန်ထမ်းအင်အား ပြည်ထောင်စုက ချမပေးနိုင်ဘူး”

သင်တန်းကျောင်းရဲ့အနေအထားအရ - ၂ဝဝ လောက်ပဲ ဆံ့ပြီး၊ လက်ရှိမှာ အကျဉ်းသား ၅ဝဝ လောက်ကို ဝန်ထမ်းအင်အား ၂၅ ယောက်နဲ့ လည်ပတ်နေတာလို့ ဆိုပါတယ်။

သေဆုံးသူလူငယ် ၂ ယောက်ဟာ လုယက်မှုနဲ့ ထောင် ၂ နှစ် ကျခံနေတာပါ။ ဒီလူငယ် ၂ ယောက်နဲ့ ပတ်သက်ပြီး အမှန်အတိုင်းဖြစ်စေချင်တယ်လို့ သေဆုံးသူနှစ်ယောက်ထဲက ကိုခိုင်ဇော်ထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးက  ပြောပါတယ်။

“အမှုမှန်ဖြစ်စေချင်တယ်။ သားက မတရားသဖြင့် ခံစားရပြီး သေသွားရတာ”

ဒီအမှုကို တိုင်းအစိုးရက စကိုင်နေပါပြီ။ စုံစမ်းစစ်ဆေးမှုတွေကို ဒီလထဲမှာပဲ အပြီးလုပ်မယ်လို့ ဝန်ကြီးက ပြောပါတယ်။ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားသလို၊ လူ့အခွင့်အရေးကော်မရှင် ကလည်း သြဂုတ်လ ၇ ရက်နေ့မှာ သွားပြီး စစ်ဆေးခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့