သတင်းမီဒီယာတွေကို ကြပ်မတ်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့က စာပို့

လွှတ်တော်တွင်းသတင်းရယူနေတဲ့ သတင်းထောက်တွေဟာ တာဝန်ယူမူ တာဝန်ခံမှုမရှိဘဲ ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရယူမှတ်တမ်းတင်တယ်ဆိုပြီး ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့က ဗိုလ်ချုပ် သန်းစိုးက လွှတ်တော်ရုံးကို စာပေးပို့လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေက ဥပဒေနဲ့မညီတဲ့ ပြုလုပ်မှုတွေကြောင့် ကိုယ်စားလှယ်တွေဟာ စိတ်ငြိုငြင်တာ၊ နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်တာ၊ လူ့ဂုဏ်သိက္ခာ ထိခိုက်တာ စတာတွေကြောင့်ဆိုပြီး အဲဒီစာမှာပါရှိပါတယ်။

ဒါ့အပြင် ပြည်သူနဲ့ လွှတ်တေ်ာကိုယ်စားလှယ်တွေအကြား အထင်မှား အမြင်မှားဖြစ်စေတဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ရေးသားတင်ပြမှုမျိုး မရှိစေဖို့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီးလည်း ပါရှိပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကာယအိန္ဒြေကို ပျက်စီးစေတန်ရာသည်ကို သိလျက်နဲ့ ပြုမူခြင်းဆိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စာထဲမှာပါရှိပါတယ်။

ဧရာဝတီသတင်းဌာနက ရိုက်ကူးတဲ့ တပ်မတော်သား အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးရဲ့ပုံ၊ EPA သတင်းဌာနက ရိုက်ကူးတဲ့ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးရဲ့ပုံနဲ့ Mizzima သတင်းဌာနက ရိုက်ကူးတဲ့ ဗီဒီယိုဖိုင်ကို စခရင် shoot ထားတဲ့ ပုံတွေနဲ့ တိုင်ကြားတာပါ။