ရုပ်မြင်သံကြားနဲ့ အသံလွှင့် မီဒီယာဆိုင်ရာ ဥပဒေပြင် ဆင်ရေး ဆွေးနွေး


2016.03.19
media-conference-ygn-620.jpg ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံက ဦးဆာင်ပြီး မြန်မာ့ရုပ်သံလွှင့် မီဒီယာညီလာခံကို မတ်လ ၁၉ ရက်နေ့က ကျင်းပစဉ်
Photo: Thiha Tun/RFA

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာဆိုင်ရာဥပဒေကို ပြင်ဆင်ပြောင်းလဲရေးအတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ကြိုးစားသွားမှာဖြစ်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံက ဦးဆောင်ပြီး မြန်မာ့ရုပ်သံလွှင့်မီဒီယာညီလာခံ ကျင်းပနေတဲ့ အစည်းအဝေးမှာ DVB ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

"ပြုပြင်ဖို့လိုအပ်တဲ့ဟာတွေ၊ ကောင်းအောင်လုပ်ဖို့အတွက် လိုအပ်တဲ့ဟာတွေ ပြီးတော့ မတရားမှုတွေ အများကြီးရှိတဲ့လို့ ယုံကြည်တယ်၊ ပြည်တွင်းမီဒီယာမှာ ကျနော်တို့ တစ်ယောက်တည်း ပြင်လို့မရဘူး၊ အဲ့ဒီတော့ ဒီလောကထဲကို ဝင်လာမယ့်လူတွေ ပြီးတော့မှ လွှတ်တော်အမတ်တွေ ပြီးတော့ နိုင်ငံရေးသမားတွေ အားလုံးက တန်းတူရည်တူပြီးတော့မှ ဒါတော့ပြုပြင်သင့်ပါလားဆိုပြီးတော့ အားလုံးသဘောတူညီချက်လိုမျိုးရလာပြီးမှ ပြင်လို့ရလာမယ်လေ၊ အဲ့လိုဟာတွေကို ကျနော်တို့ သိနိုင်အောင်ဆိုပြီးတော့မှ ဝိုင်းဝန်းဆွေးနွေးလို့ရအောင်လို့ ပြည်ပပညာရှင်တွေရော၊ ပြည်တွင်းပညာရှင်တွေရော ခေါ်ပြီးတော့မှ ဆွေးနွေးကြတာပါ"

ဒါ့အပြင် အသံလွှင့်မီဒီယာလုပ်ငန်းက ထုတ်လွှင့်တဲ့ လေလိုင်းဟာ အကန့်အသတ်ရှိပြီး ထပ်မံတိုးချဲ့လို့မရတာကြောင့် ရှိနေပြီးသားမီဒီယာကြီးတွေက လက်ဝါးကြီးအုပ်ထားတဲ့သဘောဖြစ်ပြီး နောက်ဝင်လာမယ့် လုပ်ငန်းသစ်၊ လူသစ်တွေအတွက် နေရာမရှိတော့ဘူးလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီညီလာခံကို တက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အဲ့ဒီရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာဆိုင်ရာဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာ အမြန်ဆုံးတင်ပြဖို့ ကြိုးစားသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့ရုပ်သံလွှင့်မီဒီယာညီလာခံက ရရှိလာမယ့် အကြံပြုချက်၊ ဆွေးနွေးချက်တွေကို စုစည်းပြီး မနက်ဖြန်ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။