မီဒီယာဥပဒေအတွက် မြန်မာ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်မှာ လေ့လာ


2013.02.22
ukoko_305 မီဒီယာဥပဒေအတွက် အမေရိကန်ကို သွားရောက်လေ့လာနေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရန်ကုန်မီဒီယာအဖွဲ့ရဲ့ ဥက္ကဌ စာရေးဆရာ ဦးကိုကို(စက်မှု)ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ပြဌာန်းမယ့် မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု မှာ လေ့လာဖို့အတွက် မြန်မာပြည်က ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ဝါရှင်တန်ဒီစီမြို့တော်ကို အခုရောက်ရှိနေပါတယ်။

မြန်မာပြည်ရဲ့ စာနယ်ဇင်းလောက ပြောင်းလဲမှုတွေကို အမေရိကန် စာနယ်ဇင်းသမားတွေက စိတ်ဝင်စားနေကြတယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်သူတဦးဖြစ်တဲ့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ သီဟစောက RFA ကို ပြောပါတယ်။

"အမေရိကန်ကနေ သိချင်တာက ကျွန်တော်တို့မှာက အပြောင်းအလဲကာလကို ဖြတ်သန်းနေတာဆိုတော့ ဥပမာ ဆင်ဆာကိစ္စတွေ ဘယ်လိုပြောင်းလဲသွားပြီလဲ၊ သတင်းလွတ်လပ်ခွင့်တွေ ဘယ်လိုဖြစ်လာပြီလဲ၊ ဘယ်လိုမျိုး စိန်ခေါ်မှုမျိုးတွေ ကျန်သေးလဲ၊ နောက်တစ်ခုက မီဒီယာလောမှာ မီဒီယာသမားတွေ ဘယ်လောက်ထိ ပါဝင်နိုင်ကြပြီလဲ၊ သူတို့က သတင်းလွတ်လပ်ခွင့်ကို အခြေခံဥပဒေ စကတည်းက ထည့်ထားပြီးသား၊ ကျွန်တော်တို့ဆီမှာလည်း ပုဒ်မ ၃၅၄ မှာပါတယ် တည်ဆဲဥပဒေများနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေများပေါ့"

ရန်ကုန်မီဒီယာအဖွဲ့ (Yangon Media Group) ရဲ့ ဥက္ကဌ စာရေးဆရာ ကိုကို(စက်မှု) ကလည်း ဒီခရီးစဉ်ကနေ မြန်မာ့စာနယ်ဇင်းလောက လွတ်လပ်ခွင့် ပိုမိုရရှိရေးအတွက် အကြံဉာဏ်တွေ စိတ်ကူးတွေ ရရှိခဲ့တာကြောင့် အကျိုးရှိတဲ့ခရီးတစ်ခုပါပဲလို့ ပြောပါတယ်။

"သတင်းတွေကို လွတ်လပ်စွာ ရယူပိုင်ခွင့် ဥပဒေဆိုတာ အမေရိကန်ပြည်ထောင်စုမှာ တွေ့ပါတယ်၊ အဲ့လိုဟာမျိုးကလည်း ကျွန်တော်တို့ဆီမှာလည်း ပေါ်ထွန်းလာမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့က တိုက်ရိုက်ကြီး ကူးလို့တော့ မရနိုင်သေးပါဘူး၊ သို့သော် ကျွန်တော်တို့ဆီက အခြေအနေတွေနဲ့ ကိုက်ညီအောင် ဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတာ အကြံတွေရရှိမယ်လို့ မျှော်လင့်ပါတယ်"

အမေရိကန်အစိုးရ ဖိတ်ကြားချက်အရ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တွေဖြစ်ကြတဲ့ ဆရာ သီဟစော၊ ဆရာကိုကိုတို့နဲ့ အတူ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်တို့လည်း ပါဝင်ပြီး အမေရိကန်ပြည်ထောင်စုမှာ ၂ ပတ်ကြာ နေထိုင် လေ့လာကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။