၈၈ မျိုးဆက် ငြိမ်းပွင့်က မမီးမီးရဲ့ ဈာပနအခမ်းအနား ကျင်းပ


2018.08.17
meemee-funeral-622.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးရဲ့ ဈာပနအခမ်းအနားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Kyaw Zaw Win/RFA

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးဌာန ဒုတိယ တာဝန်ခံ မမီးမီးခေါ် မသင်းသင်းအေး ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး အရိုးအိုးကို ဂူသွင်းခဲ့ပါတယ်။

မမီးမီးဟာ နိုင်ငံရေးမှာ မဖောက်မပြန်ရပ်တည်ပြီး စွမ်းနိုင်သလောက် လုပ်ဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"အခုတော့ လူတစ်ယောက်အကြောင်းကို ပြောမယ်ဆိုရင် အခေါင်းကို နောက်ဆုံး သံမှိုရိုက်ပြီးတဲ့အချိန် ကျမှပြောပါဆိုတဲ့ စကားအတိုင်း သူ့အကြောင်းကို ကျနော်တို့ ပြောလို့ရသွားပြီပေါ့၊ ကျနော်တို့ စိတ်ချလို့ရသွားပြီ၊ မဖောက်မပြန်ဘဲ သူရပ်ခဲ့တယ်၊ သူစွမ်းစွမ်းသမျှလည်း သူအားထုတ်ခဲ့တယ်ဆိုတော့ သူ့အတွက် ကျနော်တို့ အမြဲတမ်းဂုဏ်ယူနေပါတယ်"

မမီးမီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ပုသိမ်ကနေ ရန်ကုန်ကိုအပြန် ကျောင်းကုန်း ကျေးရွာအနီးမှာ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မမီးမီးဟာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံမှာ အထက ၄ တာမွေ ဒဿမ ကျောင်းသူဘဝကနေ အကသ၊ မကသ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။

၁၉၈၉  ကိုဖုန်းမော် တစ်နှစ်ပြည့် လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ပထမဆုံးအကြိမ် အင်းစိန်ထောင်မှာ လေးလကြာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ ဒဂုံတက္ကသိုလ် ကျောင်းသား အရေးအခင်းမှာ ဖမ်းဆီးခံရပြီး ထောင် ၇ နှစ် ချမှတ်ခံရပြီး သာယာဝတီထောင်၊ အင်းစိန်ထောင်တို့မှာ ထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို ၇ နှစ် ထောင်ကျချိန်မှာ သတ္တဗေဒ  ဂုဏ်ထူးတန်းမှာ ပညာသင်ကြားနေချိန်ဖြစ်ပါတယ်။

၂ဝဝ၅ ခုနှစ်မှာတော့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

မမီးမီးဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအပြင် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ကိစ္စမျိုးတွေ လူကုန်ကူးမှုခံရတဲ့ ကိစ္စမျိုးတွေကိုလည်း နစ်နာသူတွေဘက်က တရားမျှတမှုဖြစ်ဖို့ လိုက်ပါဆောင်ရွက်သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းမှာလည်း ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆၅ နှစ် ချမှတ်တာခံခဲ့ရပြီး အင်းစိန်ထောင်၊ ပုသိမ်ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင်များမှာ အကျဉ်းချခံခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့အတူ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မမီးမီးရဲ့ ဈာပနအခမ်းအနားကို နိုင်ငံရေးပါတီ ပေါင်းစုံ၊ကျောင်းသား အဖွဲ့အစည်းတွေ၊  လူမှုရေးအသင်းအဖွဲ့ အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ ထောင်ကျော်လာရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။