မိတ္ထီလာ ဒုက္ခသည် ဒုတိယအသုတ် ပြန်လည်နေရာချ

ပြီးခဲ့တဲ့မတ်လအတွင်းက မိတ္တီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို ဒီကနေ့မှာ ဒုတိယအသုတ်အဖြစ် လူဦးရေ ၄၀၀ နီးပါးကို အာဏာပိုင်တွေက ထပ်မံနေရာချထားပေးနေပါတယ်။

အမှတ်(၃)နဲ့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းက ဒုက္ခသည်တွေကို ကိုယ့်နေရပ်ကို ပြန်လည်နေရာချထားပေးပြီးရင်၊ စခန်းတွေကို ပိတ်သိမ်းသွားမယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုခိုင်က RFA ကို ပြောပါတယ်။

အခုလိုဒေသခံတွေကို ပြန်လည်နေရာချထားပေးရာမှာ သီတင်း (၂) ပတ်ကြာ စားသောက်နိုင်ဖို့ စားနပ်ရိက္ခာတွေနဲ့အတူ ပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဓိကရုဏ်းကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပိုင်ရှင်တွေအတွက်လည်း မူလမြေနေရာတွေမှာ မြေကွက်ရိုက်တာတွေ၊ မြေနေရာ ရှင်းလင်းတာတွေနဲ့ နေအိမ်ပြန်ဆောက်ပေးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အဓိကရုဏ်းကြောင့် ဒုက္ခသည်ပေါင်း ၈၅၀၀ နီးပါးဟာ စာသင်ကျောင်းတွေနဲ့ ခရိုင်အားကစားကွင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ခဲ့ကြရပါတယ်။