လူ့အခွင့်အရေးကော်မရှင် ဆားလင်းကြီး ရောက်

2014-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ပံတောင်းတောင်ဒေသပတ်ဝန်းကျင် အသိမ်းဆည်းခံ မြေဧရိယာတွေကို တွေ့ရစဉ်
လက်ပံတောင်းတောင်ဒေသပတ်ဝန်းကျင် အသိမ်းဆည်းခံ မြေဧရိယာတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင် သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့အတွက် မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၃ ဦး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့ ရောက်ရှိလာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မပါဝင်ဘဲ လူ့အခွင့်အရေးကော်မရှင်က သီးသန့် စုံစမ်းမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

"ကျနော်တို့က လုပ်ငန်းဆောင်ရွက်ဖို့ စီစဉ်နေတုန်းရှိသေးတယ်၊ ကျနော်တို့ အခုလက်ပံတောင်းတော့ ရောက်နေပြီ၊ အဖွဲ့တွေဖွဲ့ပြီးတော့ ကျနော်တို့ကော်မရှင်က သီးသန်းပဲ စုံစမ်းနေပါတယ်"

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကလည်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအဖြစ် စီမံကိန်းအနီးက လယ်ယာမြေတွေကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပါဝင်နေတဲ့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒေါ်ခင်ဝင်း သေနတ် မှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ခြံစည်းရိုးခတ်ထားတာကို ဖျက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့အတွက် ဆည်တည်းရွာမြောက်ဘက်က သပိတ်စခန်းမှာ ဆန္ဒပြနေသူတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်တွေရရှိတဲ့အထိ သပိတ်စခန်းကို ဖွင့်သွားမှာဖြစ်တယ်လို့ ဆည်တည်းကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

"အဓိကကတော့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်ရရှိရေးရယ်၊ ပြီးတော့ ခတ်ထားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြီးတော့ဖယ်ပေးဖို့ပေါ့၊ လုံးဝအကြမ်းဖက်မှု မပြုလုပ်ဖို့ပေါ့၊ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများစခန်း ဆိုပြီးတော့ ကျမတို့ဖွင့်လိုက်တယ်"

ဒီဇင်ဘာလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာ ခြံစည်းရိုးခတ်ခံထားရတဲ့ ဆည်တည်းရွာ၊ တုံရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၁၀၀ ကျော်လောက်က ဆည်တည်းရွာမြောက်ဘက်မှာ ၂၉ ရက်နေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ သပိတ်စခန်းဖွင့်ထားတဲ့နေရာဟာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မနေ့က လိုက်လံသတိပေးခဲ့ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ဒီနေ့ညနေက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၃၀ လောက် လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့သလို ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။

ကွန်မင့်များ (3)
Share

(

မြန်မာနိုင်ငံလူ့အခွင့်ရေးအဖွဲ့မှ အညာဒေသထွက် ရိုးရာအစားသောက်များစားသောက်ရန် လက်ပံတောင်းတောင်သို့ရောက်၇ှိလာပြီဖြစ်ကြောင်း ကိုပါကြီးအမှု့ကဲ့သို့ထူးမခြားနား အစီရင်ခံစာကိုရေးပြီးဦးစစ်မြိင်က တရုတ်ကြီးဝမ်ပေါင်နှင့်စစ်အာဏာရှင်ဗိုလ်ချုပ်တစုတွက် အကာကွယ်ပေးအစီရင်ခံစာကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အများပြည်သူတို့အားလုံးကိုကြိုတင်
အသိပေးအပ်ပါသည်။

Jan 01, 2015 01:21 PM

Taing Chit

နေရပ်- Myanmar

လူ့  အခွင့်အရေး ကော်မရှင် လွတ်လည်း အလကားပဲ၊ သူတို့  ရဲ့ ခေါင်းကို သေနတ်နဲ့  ချိန်ပြီး ကိုပါကြီးအမှုလို အမှန်အတိုင်း ဖေါ်ထုတ်ဖို့  ခြိမ်းခြောက် ပြီး လွတ်လိုက်တာ။

Dec 31, 2014 07:55 PM

ဦးဆန်ရှား

ဒီလောက်ရှင်းနေတဲ့ကိစ္စကို “စုံစမ်း”မယ်ဆိုတော့ ..
အင်း.. ဒီလို စရအောင်ဗျာ ။
သေသူဟာ လက်နက်ကိုင်ရဲတွေနဲ့ ရင်ဆိုင်ရမှာ သိရက်နဲ့ ဘာကြောင့် ကျည်ကာ မ၀တ် ၊ ဦးထုပ် မဆောင်းရသလဲ။
သေကြောင်းကြံရလောက်အောင် စိတ်ဆင်းရဲမှု ဖြစ်နေလို့လား။

Dec 31, 2014 04:37 PM

အမည်မဖော်လိုသူ

ကျည်ကာမပါ ၊ ဦးထုပ်မဆောင်းတာတော့ သေချာပါတယ်။ အနားမှာ ခမောက်တွေ့လို့ ခမောက်က သူ့ဟာ ဟုတ်/မဟုတ်
DNA စစ်ရပါမယ်။
သေသူမှာ သေကြောင်းကြံရလောက်အောင် စိတ်ဆင်းရဲမှု ရှိနေတာက အမှန်ပါ။ သူ့လယ်မြေတွေ လျော်ကြေးမရပဲ သိမ်းခံထားရပါတယ်။

Jan 01, 2015 04:11 PM

အမည်မဖော်လိုသူ

“ခမောက်” ဟုတ်လား။ ဟုတ်ပြီ။ NLDနဲ့ ဆက်စပ်မှု ရှိနိုင်တယ်။ ဒါဆို အမှုကို “အချိန်ဆွဲ”စစ်လို့ရပြီ။

Jan 02, 2015 10:10 PM

ဆိုက်တခုလုံးသို့