Michelle Bachelet ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ

2020-02-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက် မှ ၂၆ ရက်အထိ ကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအပြီး ဒီနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ မစ်ရှဲလ် ဘာရှလေ (Michelle Bachelet)  က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် တင်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ခံနေရခြင်းရဲ့ မူလအရင်းအမြစ်တွေကို အစီရင်ခံထားတာဖြစ်တယ်လို့ မိတ်ဆက်ကဏ္ဍမှာ ဖော်ပြထားပါတယ်။

အပိုင်း နှစ်မှာတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေအပေါ်  လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေရဲ့ သမိုင်းဆိုင်ရာနဲ့ လတ်တလောပုံစံတွေကို ဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြရာမှာ သမိုင်းအမွေအနှစ်ဆိုင်ရာ အချက်အလက်တွေ၊ စစ်တပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ ဗမာလူမျိုးကြီးဝါဒ ကြီးစိုးရေး ဆောင်ရွက်ချက်တွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှု ဆင်းရဲမွဲတေမှုအခြေ အနေတွေ၊ တိုင်းရင်းသားနဲ့ ဘာသားခြားလူနည်းစုတွေအပေါ် အဖွဲ့အစည်းပုံစံသွတ်သွင်းမှုနဲ့  ခွဲခြားဆက်ဆံမှုတွေ၊ အမိန့်ပေးအာဏာပြဝါဒ၊ ပြစ်ဒဏ်မှကင်းလွတ်စေမှု၊ ဒီမိုကရေစီလိုအပ်ချက်တွေနဲ့ ကျား မ ခွဲခြား ဆက်ဆံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲက တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်ဟာ ရှုပ်ထွေးသလို ပုံသဏ္ဍန်အားဖြင့်လည်းကွဲပြားများပြားပြီး အချိန်ကာလရှည်ကြာလှပြီလို့ ဆိုထားပါတယ်။ အဲဒါတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေး၊ တရားဝင်မှုနဲ့ စီးပွားရေးဆိုင်ရာ နယ်စပ်ပြဿနာသမိုင်းကို ခြုံငုံသုံးသပ်ဖို့  လိုတယ်လို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊  ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှုရှိတာဟာ မြန်မာနိုင်ငံတွင်းငြိမ်းချမ်းရေးရရှိဖို့၊ ဒီမိုကရေစီအသွင်းကူးပြောင်းမှု ခိုင်မာစေ ဖို့နဲ့ ခွဲခြားဆက်ဆံမှုမရဘဲ တန်းတူညီမျှတဲ့ကျင့်ဝတ်တွေ ပါဝင်တဲ့ လူမှုအဆောက်အအုံကို ပြန်လည်တည်ဆောက်ဖို့အတွက် အခြေခံအချက်ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

၁၉၆၂ ခုနှစ်ထဲက စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးရာမူဝါဒအဖြစ် ဘယ်တုန်းကမှ တရားဝင်မကြေညာခဲ့ပေမယ့် နိုင်ငံနဲ့ လူမှုအဆောက်အအုံအတွင်း မြန်မာလူမျိုးကြီးဝါဒကြီးစိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တယ်လို့ လေ့လာရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်အတွင်း ပြည်သူအားလုံးကို ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားချိန်မှာ တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေဟာလည်း သောင်းကျန်းသူချေမှုန်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြတ်လေးဖြတ်မူဝါဒနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မတရားဖမ်းဆီးခေါ်ဆောင်ပြီး ထိန်းသိမ်းထားမှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ အဓမ္မခိုင်းစေမှုတွေပါဝင်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာထဲက အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လတ်တလောအချက်အလက်ရှာဖွေရေး မစ်ရှင်က စုဆောင်းထားတဲ့အချက်အလက်တွေအရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမကွဲပြားမှုအပေါ် အမြတ်ထုတ်အကြမ်းဖက်မှုတွေကို သောင်းကျန်းသူ ချေမှုန်းရေးခါင်းစဉ် အောက်က နှိမ်နင်းမှုတွေအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့လည်းး ဖော်ပြထားပါတယ်။

အဲဒီလို တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်တွေထဲမှာ ဒီမိုကရေစီရေးရာလိုအပ်ချက်တွေ၊ ဆယ်စုနှစ်များစွာ အမိန့်ပေး အာဏာပြဝါဒ ကျင့်သုံးခဲ့ပြီး  တရားစီရင်ရေးအပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ အားနည်းချက်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။  

အနှစ်ချုပ်အဖြစ် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စတွေကို အရေးယူကိုင်တွယ်ဆောင်ရွက်ပေးဖို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လည်း အခြေအနေတွေ တိုးတက်လာစေရေး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့