ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တင်ပြခဲ့

RFA Burmese
2024.06.29
ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တင်ပြခဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ခွင့်ရရှိရေးအတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တို့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့စဉ်။
NHRC(Thailand)

မြန်မာရွှေ့ပြောင်းကလေးငယ်တွေ ထိုင်းအစိုးရစာသင်ကျောင်းတွေမှာ တရားဝင်တက်ရောက်ခွင့်ရဖို့နဲ့ ပညာသင်ခွင့်ရရှိရေးအတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ဇွန်လ ၂၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ပြောပါတယ်။

FED ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နာအဖွဲ့တို့ဟာ ဘန်ကောက်မြို့မှာရှိတဲ့ အစိုးရအဆောက်အအုံထဲမှာ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံထဲမှာဖွင့်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားကလေးတွေရဲ့ စာသင်ကျောင်းအချို့ကို ပိတ်ခိုင်းတာ၊ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကိုဖမ်းပြီး ပြန်ပို့တာတွေရှိနေတာကြောင့် ဒီအပေါ်နည်းလမ်းရှာဖို့ တင်ပြခဲ့တယ်လို့ FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က RFA ကို ပြောပါတယ်။

“နိုင်ငံထဲမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေကို ထိုင်းအစိုးရအနေနဲ့ ပိတ်ပင်တာတွေ၊ ဖမ်းဆီးတာတွေ၊ နယ်စပ်တွေပြန်ပို့တာတွေ ကြားနေရတဲ့အတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ကျွန်တော်တို့ အဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရနိုင်မလဲဆိုတာ ဆွေးနွေးကြတာပါ။ အဓိကတော့ မြန်မာ ကလေးငယ်တွေ ထိုင်းနိုင်ငံမှာ တရာ စာသင်ကြားခွင့်ရအောင်၊ မသန်စွမ်းရွှေ့ပြောင်း ကလေးတွေကို ထိုင်းအစိုးရ ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ဘယ်လို ကူညီဆောင်ရွက်ပေးမလဲဆိုတာမျိုး မေတ္တာရပ်ခံခဲ့ပါတယ်”

ထိုင်းအစိုးရက ပညာရေးဟာ အားလုံးအတွက်ဖြစ်ရမယ်ဆိုပြီး ၂၀၀၅ ခုနှစ်မှာ မူဝါဒသတ်မှတ် ပြဋ္ဌာန်းထားပေမဲ့ အချို့ ထိုင်းအစိုးရကျောင်းတွေက မြန်မာရွှေ့ပြောင်းကလေးတွေကို လက်မခံတာတွေ၊ မလိုအပ်တဲ့ အထောက်အထားတောင်းတာတွေ ရှိနေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အခြားသက်ဆိုင်ရာ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်မှုတွေ များလာတာနဲ့အမျှ မြန်မာကလေးငယ်တွေရဲ့ ပညာရေးအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုနဲ့ ကြုံနေရတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံတစ်ဝန်းမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်အရေအတွက် လေးသိန်းလောက် ရှိနိုင်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။