ပတ်စပို့ စာအုပ်ဖိုးနဲ့ စာရွက်စာတမ်း ကြေးအတွက် ကုန်ကျစရိတ် အခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံး တာဝန်ရှိသူက ရှင်းလင်း ပြောပြတာကို သွားရောက် နားထောင်ခဲ့တဲ့ အမျိုးသမီး တဦးက အခုလို ပြောပါတယ် ။ “သံရုံးဘက်က ပတ်စပို့တွေ ရပြီဆိုရင် စာအုပ်ဖိုးပဲ ယူမယ်။ အခွန်ကြေး ပေးစရာ မလိုဘူးပေါ့။ စာအုပ်ဖိုးက မလေးရှား ရင်းဂစ် ၃၂၀။ ၁၅ နှစ် နေခဲ့လို့ အခွန် ဘယ်လောက်၊ ဒဏ်ကြေး ဘယ်လောက် မသတ်မှတ် ဘူးပေါ့။ အဲဒါက စာအုပ် ပြန်လျှောက် သူတွေအတွက်၊ ပြန်မယ့် လူတွေ အတွက်တော့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာ ထုတ်ပေးမယ်။ ကျမတို့က ထပ်မေးတယ် ဒီ ၃၂၀ က အတည်ဖြစ်ပြီလား မေးတော့ အဲဒါကို အတိအကျ မပြောရဲ ပြန်ဘူး” NLD လူငယ်အဖွဲ့အတွင်းရေးမှူး ဦးကိုကိုကျော်က မလေးရှား အစိုးရရဲ့ Legalization လုပ်ငန်းစဉ်တွေကြောင့် မလေးရှား UNHCR ဒုက္ခသည် မဟာမင်းကြီးရုံးက စာရင်းဝင်သူ တွေအပေါ် ဘယ်လိုဖြစ်လာ နိုင်မလဲ ဆိုတာ ပြောပြပါတယ်။ “မလေးရှား ပြည်ထဲရေး ဝန်ကြီးက ကြေညာချက် ထုတ်ပြီး နောက်မှာ UNHCR က ကြေညာချက် လိုက်ထုတ်တယ်။ UNHCR က စာရွက် အထောက်အထား ရထားတဲ့ သူတွေ အနေနဲ့ပါမစ် လုပ်ခွင့် မရှိဘူးလို့ စာထုတ်တယ်။ ဒီနိုင်ငံက လဝက ပါမစ်ကို UNHCR အထောက်အထား ရထား သူတွေက လိုက်လုပ်မယ် ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောတာပေါ့” မလေးရှားနိုင်ငံမှာ မြန်မာ အပါအဝင် ပြည်ပက လာရောက် အလုပ်လုပ်နေတဲ့ တရားမဝင် အလုပ်သမား ၂ သန်း နီးပါး ရှိပါတယ်။ မလေးရှား အစိုးရက တရားဝင် နေထိုင်ခွင့်နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အစီအစဉ်ကို အခုလ ၁ ရက်နေ့က စပြီး အကောင်အထည် ဖော်နေပါတယ်။