အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းပိုင်းအထိ AA ဝင်ရောက်တိုက်ခိုက်နေ
2024.12.11
ရခိုင်ပြည်နယ် အမ်းမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းပိုင်းအထိ အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေပြီး အလုံးစုံ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေချိန် စစ်ကောင်စီတပ်ကလည်း လက်နက်အင်အားနဲ့ လူအင်အားထပ်ဖြည့်ပြီး တန်ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ပြောပါတယ်။
စစ်ကောင်စီတပ်က အမ်းမြို့နဲ့ မိုင်နှစ်ဆယ်ခန့်ဝေးတဲ့ တောင်စောက် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းနေရာမှာ အင်အား လေးရာခန့်နဲ့ အထိုင်ချပြီး တိုက်ပွဲဖြစ်နေရာကို အဆင့်မြင့် ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းထိုးလာတဲ့ အင်အားလေးရာက အဲဒီမှာ (တောင်စောက် ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်စခန်း) စုနေတယ်။ အဲဒီထဲမှာ ဘာပါလဲဆိုရင် အတွဲလိုက်ပစ်ဒုံးပါတယ်။ အဲဒီကားက နှစ်စီး သုံးစီးပါတယ်။ အဲဒီနေရာကနေ ရှေ့မတိုးဘဲ ရပ်နေတယ်။ သူတို့ကို အထောက်အကူပြုနေတာက နတ်ရေစင်တောင်မှာရှိတဲ့ ဗျူဟာစခန်းက လူအင်အား နှစ်ရာလောက် ရှိတယ်။ နပခ ဌာနချုပ်မှာတော့ အထဲမှာ တိုင်းမှူးအိမ်တို့၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အိမ်တို့ကို အားလုံးသိမ်းထားပြီ”
မကွေးမြို့ဘက်က တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေက ပဒါန်းမြို့အခြေစိုက် အမြောက်တပ်ကတဆင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေကို အကာအကွယ်ယူ စစ်ကြောင်းထိုးလာပြီးနောက် နတ်ရေစင်တောင်နဲ့ တောင်စောက်နေရာတွေအထိ ရောက်လာတာလို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား အများအပြားသုံးကာ ခုခံနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။