သြဂုတ်လ ၁၁ ရက်နေ့ညပိုင်းက ပုလဲမြို့နယ်-ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပ သွားရာလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၆ စီးနဲ့ တွေ့မြင်သမျှ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပထမ ရဟတ်ယာဉ် သုံးစီးနဲ့ ပစ်ခတ်နေရာက နောက်ထပ် သုံးစီးထပ်ရောက်လာပြီး စုစုပေါင်းရဟတ်ယာဉ် ၆ စီးနဲ့ ယင်းမာပင်မြို့နယ်က ရင်ပေါင်တိုင်ရွာ၊ အေးကုန်းရွာနဲ့ ပုလဲမြို့နယ်က ပုထိုးသာ၊ ရွာသစ်၊ ကျေးသကျ၊ ဇီးရင်းရွာတွေနဲ့ မြောက်ယမားဆည်သွားရာ လမ်းတစ်လျှောက် တွေ့မြင်သမျှ လူ၊ ဆိုင်ကယ်၊ ကား၊ လှည်းတွေကို ဝေဟင်က ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာ တပ်စွဲထားပြီး ရွာထဲမှာ ဒေသခံတွေ၊ ဈေးဝယ်ဈေးသည်တွေနဲ့ ပြည်သူအများအပြား ပိတ်မိနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ထိခိုက်မှုအသေးစိတ် မသိရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့ညမှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီက ဝင်ရောက်ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံတွေ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေပါတယ်။