စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလအတွင်း အမျိုးသမီးခြောက်ဆယ်ကျော် သေဆုံး
2024.12.05
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလအတွင်း အမျိုးသမီး ၆၁ ဦးသေဆုံးပြီး နောက်ထပ် ၆၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃၇ ဦးသေဆုံးခဲ့သလို အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁၆ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မတရားသတ်ဖြတ်တာကြောင့် ငါးဦး၊ မြေမြှုပ်မိုင်းကြောင့် နှစ်ဦးနဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်နယ်က ၁၅ ဦး၊ ရခိုင်ပြည်နယ်က ၁၃ ဦး၊ မန္တလေးက ၁၁ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၀ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ဒီစာရင်းတွေကို သတင်းမီဒီယာတွေကနေ စုစည်းကောက်ယူထားတာဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေရင်ဆိုင်နေရတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ပြီး သက်သေအနေနဲ့ စုဆောင်းနေတာလို့ ရေးသားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါအဝင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။